BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • သတင်းအမှား
      • စစ်တပ်ထောက်ခံသူတွေ...
      သတင်းအမှား

      စစ်တပ်ထောက်ခံသူတွေ ဘယ်လိုသတင်းအမှားတွေဖြန့်နေလဲ

      စစ်တပ်ပုံရိပ်ကိုမြှင့်တင်ဖို့နဲ့ဆန့်ကျင်ဖက်အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကိုဦးတည်တိုက်ခိုက်ဖို့အပါအဝင် လူမျိုးရေးဘာသာရေးသွေးထိုးတဲ့ သတင်းအမှားတွေကို စစ်တပ်ထောက်ခံသူတွေနဲ့ မိတ်ဖက်အင်အားစုတွေက ဆက်တိုက်ဖြန့်ဝေလျက်ရှိပါတယ်။

      By - Boom Live Myanmar |
      Published -  3 Nov 2021 5:29 PM IST
    • စစ်တပ်ထောက်ခံသူတွေ ဘယ်လိုသတင်းအမှားတွေဖြန့်နေလဲ

      စစ်ကောင်စီအနေနဲ့ အာဏာသိမ်းဖြစ်စဉ်နောက်ဆက်တွဲရိုက်ခတ်တဲ့ ဖရိုဖရဲဖြစ်စဉ်တွေကို ထိန်းချုပ်ဖို့နဲ့ ၎င်းတို့အုပ်စုကိုလူထုလက်ခံမှုရရှိဖို့ကြိုးစားရာမှာ သတင်းအချက်အလက်အမှားတွေကို စစ်တပ်ထောက်ခံသူတွေနဲ့ နောက်ခံအဖွဲ့အစည်းတွေကတဆင့် ဖြန့်ဝေခဲ့ပါတယ်။

      အာဏာသိမ်းပြီးနောက်ပိုင်းကာလကတည်းက လူမှုကွန်ရက်ပေါ်မှာ ထောင်ပေါင်းများစွာသော စစ်တပ်ထောက်ခံသူတွေဖြန့်ဝေတဲ့အကြောင်းအရာတွေထဲမှာ အချက်အလက်အမှားတွေကိုအသုံးချခဲ့တဲ့အပြင် အာဏာသိမ်းမှုကို ထောက်ပံ့နိုင်ဖို့ ဝါဒမှိုင်းသွတ်သွင်းတဲ့ အချက်အလက်အမှားတွေ ၊ စစ်တပ်ဆန့်ကျင်သူတွေကို သွေးကွဲစေဖို့လုပ်ဆောင်ချက်တွေကို စနစ်တကျလုပ်ဆောင်ခဲ့တာကို Boom Myanmar အချက်အလက်စစ်ဆေးသူတွေ သတိပြုမိခဲ့ပါတယ်။

      အဲ့ဒီအပြင်လူထုထောက်ခံမှုအခိုင်အမာရနေတဲ့လူပုဂ္ဂိုလ်နဲ့အဖွဲ့အစည်းတွေကိုပုံရိပ်ပျက်ပြားစေမယ့်အကြောင်းအရာတွေနဲ့ ၊ လူမျိုးရေးဘာသာရေး အဆိပ်ခပ်နိုင်တဲ့အကြောင်းအရာတွေကို စစ်တပ်ထောက်ခံသူတွေနဲ့မိတ်ဖက်အင်အားစုတွေကပါ အင်တိုက်အားတိုက်ဖြန့်ဝေခဲ့ကြပါတယ်။

      အခုဆောင်းပါးကတော့ ပြီးခဲ့တဲ့ဧပြီလနှောင်းပိုင်းကစပြီး လက်ရှိအချိန်ထိ လူမှုကွန်ရက်မှာပျံ့နှံ့ခဲ့တဲ့သတင်းတု သတင်းမှား အပုဒ်ရေနှစ်ရာကျော်ထဲကစိစစ်တွေ့ရှိထားတဲ့ သတင်းတွေကိုပြန်လည်စိစစ်ပြီး တင်ပြထားတဲ့ သတင်းဆန်းစစ်ချက်ဖြစ်ပါတယ်။

      NLD နဲ့ ခေါင်းဆောင်ပိုင်းတွေကို သတင်းအချက်အလက်အမှားတွေနဲ့ပုံဖျက်

      စစ်ကောင်စီနဲ့၎င်းထောက်ခံသူတွေအစဉ်တစိုက်ဖြန့်ဝေကြတဲ့သတင်းတု၊ သတင်းမှားနဲ့ အချက်အလက်အမှားတွေထဲမှာ ထိမ်းသိမ်းခံဒေါ်အောင်ဆန်းစုကြည်ကစလို့အောက်ခြေအမတ်တွေအပေါ် ယုံကြည်မှုပျက်ပြားပြီး ပုံရိပ်ကျဆင်းစေနိုင်မယ့် သတင်းတု၊ သတင်းအမှားတွေအမြောက်အများပါဝင်ခဲ့ပါတယ်။

      အမြင်သာဆုံးအနေနဲ့ အထိမ်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း စွပ်ဆွဲချက်တွေနဲ့ အမှုတည်ဆောက်တဲ့ဖြစ်စဉ်တွေအပြီးမှာပဲ ဒီစွပ်ဆွဲချက်တွေအ​ လူထုကိုအယုံသွင်းတဲ့ နောက်ဆက်တွဲသတင်းတု သတင်းမှားတွေလူမှုကွန်ရက်မှာ အုံနဲ့ကျင်းနဲ့ထွက်ပေါ်လာပြီး ဒီအကြောင်းအရာတွေကို စစ်တပ်ထောက်ခံအားပေးတဲ့အကောင့်တွေကနေပဲ ဆင့်ပွားဖြန့်ဝေခဲ့ကြပါတယ်။

      အောက်ပါအကောင့်ကတော့ ဒီလိုသတင်းတွေကိုဖြန့်ဝေတဲ့အကောင့်တွေထဲကတစ်ခုဖြစ်ပြီး ယင်းအကောင့်မှာ ခြံအမှတ် ၅၄ မှာ ရွှေ တစ်တန်ခွဲ ရှာဖွေတွေ့ရှိတယ် ဆိုတဲ့ သတင်းအတုအပြင်အခြားသော သတင်းတု သတင်းမှားတွေကိုလည်းမကြာခဏဖြန့်ဝေထားတာတွေ့ရပါတယ်။

      PDF တွေကို လူတွေအထင်‌အ‌မြင်လွဲဖို့ရည်ရွယ်ဖြန့်ဝေတဲ့အကြောင်းအရာတွေ

      စစ်ကောင်စီတပ်တွေနဲ့ ၎င်းတို့ကို ဦးတည်တိုက်ခိုက်တဲ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလာတဲ့ အခြေအနေတွေအပေါ်မှာ PDF တွေနဲ့ပတ်သက်တဲ့ တန်ပြန်သတင်းအမှားတွေလုပ်ကြံဖန်တီးမှုတွေလည်း မကြာခနထွက်ပေါ်ခဲ့ပါတယ်။

      နိုင်ငံအနှံ့က PDF တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးအင်အားစုတွေရဲ့တိုက်ခိုက်မှုတွေမှာ နှစ်ဖက်သတင်းအချက်အလက်တွေ စိစစ်ဖို့ခက်ခဲနေသည့်တိုင် စစ်တပ်ထောက်ခံသူတွေ သုံးစွဲတဲ့အကောင့်တွေမှာတော့
      တိုက်ပွဲတိုင်းမှာစစ်ကောင်စီဖက်က အနိုင်ရနေသယောင်ထင်မှတ်မှားစေတဲ့သတင်းအမှားတွေဆက်တိုက်ပျံ့နှံ့ခဲ့ပါတယ်။

      ဒီလိုသတင်းအမှားတွေထဲမှာVideo အတုတွေ စစ်တပ်ကစီမံတဲ့ အနော်ရထာစစ်ဆင်ရေးကြောင့် စစ်ကိုင်းမှာ PDF ၄၀၀ ကျော် သေဆုံးတယ်ဆိုတဲ့ သတင်းအမှာေတွေကယားပြည်နယ်က PDF နှစ်ရာနီးပါးကို စစ်တပ်က သုတ်သင်နိုင်တယ်ဆိုတဲ့ လုပ်ကြံသတင်းအတုတွေ အမြောက်အများကို Boom Myanmar ကဆန်းစစ်တွေ့ရှိခဲ့ပါတယ်။ ဒီလိုတိုက်ပွဲသတင်းတွေသာမကပဲ PDF တွေနဲ့ပတ်သက်ပြီးလူထုအမြင်လွဲမှားစေဖို့အဓမ္မမှုတွေနဲ့ချိတ်ဆက်လုပ်ကြံ ရေးသားတဲ့ သတင်းတု၊ သတင်းမှားတွေကိုလည်းဖြန့်ဖြူးခဲ့ကြပါသေးတယ်။

      အဆိုပါသတင်းတွေထဲက ဥပမာတချို့ကိုပြန်လည်ဖေါ်ပြရရင် အဆိုတော်ရေမွန်သေဆုံးမှုဟာ တောထဲမှာ PDF တွေက လုပ်ကြံသတ်ဖြတ်သယောင်သတင်းအမှားမျိုးလည်းပါဝင်ပါတယ်။ အလားတူ KNU ထိန်းချုပ်နယ်မြေရောက်နေတဲ့ မိန်းကလေးတွေ အဓမ္မကျင့်ခံရတာကြောင့် ကိုယ်ဝန်ရကြတယ်ဆိုတာမျိုး၊ သရုပ်ဆောင် မြနှင်းရည်လွင်နဲ့ ထားထက်ထက် တို့ အဓမ္မပြုကျင့်ခံရတာကြောင့် ကိုယ်ဝန်ဆောင်ကြရတယ်ဆိုတာမျိုးတွေကိုလည်း စစ်တပ်ထောက်ခံသူ တွေဖက်က အကြိမ်ပေါင်းမြောက်များစွာရေးသားဖြန့်ဝေကြပါတယ်။

      အလားတူသတင်းတွေအပြင် PDF တွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်လိုက်တယ်ဆိုတဲ့ လုပ်ကြံသတင်းတွေကိုလည်းကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေကြပါတယ်။ ဖေါ်ပြပါသတင်းတွေဟာ Boom က စိစစ်ထားတဲ့အကြောင်းအရာတွေထဲက နမူနာအနည်းငယ်ကိုသာပြန်လည် စုစည်းပေးခြင်းဖြစ်ပြီးဒီလိုအကြောင်းအရာတွေနဲ့ဆင်တူတဲ့မြောက်များစွာသော သတင်းတုတွေ လူထုကြားထဲပျံ့နှံ့ရောက်ရှိခဲ့ပါတယ်။

      သတင်းတုတွေနဲ့ ဖြန့်ပြီး မင်းအောင်လှိုင်ကို ဂုဏ်တင်

      အမေရိကန် နဲ့ နိုင်ငံတကာအင်အားစုတွေရဲ့ဖိအားတွေ အမြောက်အများ အာဏာသိမ်းစစ်ကောင်စီ အပေါ်ကျရောက်နေတဲ့ကာလမှာ စစ်ကောင်စီထောက်ခံသူတွေဖြန့်ဝေတဲ့ သတင်းတုတစ်ပုဒ်ပေါ်ထွက်ခဲ့ပါသေးတယ်။ အဲ့ဒါက အမေရိကန်သမ္မတသစ် ဂျိုးဘိုင်ဒန်နဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ချိန်းဆိုတွေ့ဆုံတယ်ဆိုတဲ့အကြောင်းအရာဖြစ်ပါတယ်။

      ဒီလိုသတင်းအကြောင်းအရာမျိုးက သာမာန်အားဖြင့်ဖတ်ရင်ယုံကြည်နိုင်သွားဖွယ်ရှိပေမယ့် စစ်ကောင်စီထောက်ခံသူတွေဖြန့်ဝေတဲ့ ဒီအကြောင်းအရာဟာ မင်းအောင်လှိုင်ရဲ့လုပ်ရပ်တွေအပေါ်အမေရိကန်အပါအဝင်အင်အားကြီးနိုင်ငံတွေက ထောက်ခံအသိအမှတ်ပြုတယ် ဒါမှမဟုတ် စေ့စပ်ညှိနှိုင်းမှုတွေအောင်မြင်နေတယ်ဆိုတဲ့ ဝါဒမှိုင်းဖြန့်ဝေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

      လူမျိုးရေးဘာသာရေး သွေထိုးတဲ့ သတင်းတုတွေ

      စစ်တပ်ထောက်ခံသူတွေနဲ့၊ အမျိုးသားရေးအစွန်းရောက် အင်အားစုတွေလုပ်ဆောင်နေကျ ဘာသာရေးနွယ်တဲ့ သတင်းတုသတင်းမှားတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကြိုကြားကြိုကြားထွက်ပေါ်နေဆဲဖြစ်ပါတယ်။

      အမြင်သာဆုံးအနေနဲ့ ဆိုရရင်မင်းတပ် တောင်တန်းသာသနာပြုဆရာတော်သေဆုံးတဲ့ သတင်းဟာ လူမှုကွန်ရက်မှာသာမက အစိုးရပိုင်သတင်းစာကပါ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ အဆိုပါအကြောင်းအရာကို အနုပညာရှင်တွေရဲ့ မကောင်းသတင်းအတွင်းရေးတွေ ဖြန့်ဝေလေ့ရှိတဲ့ ဟန်ငြိမ်းဦးအကောင့်က စတင်ဖြန့်ဝေပြီးတဲ့ နောက် အချက်အလက်အတည်ပြုမထားတဲ့ လူမှုကွန်ရက်ပေါ်ကပို့စ်ကို စစ်တပ်ထိန်းချုပ်တဲ့ သတင်းစာပေါ်ကပါထပ်မံဖြန့်ဝေခဲ့ပါတယ်။

      အထက်ပါသတင်းအပြင် အစ္စလာမ်ဘာသာဝင်တွေနဲ့ သွေးခွဲတိုက်ခိုက်တဲ့အကြောင်းအရာတွေ၊ အစ္စလာမ်ဘာသာနဲ့ပတ်သက်တဲ့ သတင်းတုသတင်းမှားတွေလည်းဆက်တိုက်ထွက်ပေါ်လာနေဆဲဖြစ်ပါတယ်။

      အာဏာသိမ်းပြီးလပိုင်းအတွင်းမှာပဲ အစ္စလာမ်ဘာသာဝင်တွေဝတ်ပြုကိုးကွယ်ရာ ဗလီအဆောက်အဦတွေမှာလက်နက်တွေသိုလှောင်နေတယ်လို့ဝါဒဖြန့်တဲ့အကြောင်းအရာတွေဟာလည်းလူမှုကွန်ရက်ပေါ်မှာအမြောက်အများပျံ့နှံ့ခဲ့ပါသေးတယ်။ဒီသတင်းအမှားတွေထဲမှာ နေရာအနှံ့အပြားက ဗလီတွေကိုအမည်တပ်ထားပြီးအထောက်အထားမပါဝင်ပဲစွပ်ဆွဲဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။

      အထက်ပါသတင်းတွေအပြင် ဒေါ်အောင်ဆန်းစုကြည်က ဘုရားရှင်ကို စော်ကားပြောဆိုတယ်ဆိုတဲ့ သတင်းတုမျိုးတွေ ၊ NLD အမာခံတွေတဖြစ်လည်း NLD ထောက်ခံသူများကြားမှာ လူသိများတဲ့ ပန်ဆယ်လိုနဲ့မျိုးရန်နောင်သိမ်းတို့ဟာ အစ္စလာမ်ဘာသာဝင်အဖြစ်ကူးပြောင်းတယ်ဆိုတဲ့အကြောင်းအရာမျိုးတွေနဲ့လည်း မကြာခဏဖြန့်ဝေမှုတွေပြုလုပ်ခဲ့ကြပါတယ်။

      အာဏာသိမ်းပြီးကိုးလကျော်ကြာကာလအတွင်းမှာ စစ်ကောင်စီ ထောက်ခံသူအင်အားစုတွေဖြန့်ဝေကြတဲ့အထဲမှာအထက်ပါအကြောင်းအရာတွေ အများဆုံးပါဝင်ခဲ့တာဖြစ်ပြီးလက်ရှိအချိန်ထိလည်းဆက်လက်ဖြန့်ဝေနေကြဆဲဖြစ်ပါတယ်။ဒီလိုအကြောင်းအရာတွေဟာ စစ်ကောက်စီထောက်ခံသူတွေရဲ့လူမှုကွန်ရက်အကောင့်တွေနဲ့ ပေ့ချ်တွေကနေဆင့်ပွားပျံ့နှံ့ခဲ့ပြီး အဆိုပါသတင်းတု၊ သတင်းအမှားတွေကိုပဲထပ်ဖန်တလဲလဲဖြန့်ဝေကြပြီး လူထုကြားထဲ ဖြန့်ဝေခဲ့ကြတာဖြစ်ပါတယ်။


      Tags

      MilitaryFakenewsFake PageMilitary CoupFalsenewsPDFAung San Suu Kyireligious attack
      Read Full Article
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!