ဒီအကြောင်းအရာကို Jay Videos ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ပြန်လည်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန်၁၁ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'AA ချက်ချင်းကလဲ့စား ပြန်ချေ။ နေပြည်တော်လေဆိပ် ပျက်စီးသွားပြီ။ မြောက်ဦး ဆေးရုံ ဗုံးကြဲအပြီး နေပြည်တော်လေဆိပ်ကို ရခိုင့်တပ် တော်အေအေမှ ကလဲ့စားပြန်ချေ၊ လေဆိပ်တခုလုံး မီးလောင်' လို့ ရေးသားထားပါတယ်။
အချို့ဖြန့်ဝေမှုတွေမှာတော့ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်နဲ့အတူ 'ညက ရခိုင်ပြည်နယ်တစ်ခုလုံး အဖြစ်ဆိုးခဲ့ရပြီ။ AA ချက်ချင်းကလဲ့စားချေမယ်' ဆိုပြီး ဖြန့်ဝေနေကြပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြောက်ဦးဆေးရုံကို ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့အတွက် ပြန်ကလဲ့စားချေတဲ့အနေနဲ့ အာရက္ခတပ်တော် (AA) က နေပြည်တော်လေဆိပ်ကို ပြန်လည်တိုက်ခိုက်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media မှာ ဒီဇင်ဘာ ၁၁ ရက်နေ့က ဖြန့်ဝေထားတဲ့ 'တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှု ခဲယမ်းနှင့်ဗုံး ဂိုဒေါင်ထိမှန်ခဲ့ပြီး လုံခြုံရေးယူသူ ၆ ဦးသေဆုံးခဲ့ဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
တောင်ငူလေဆိပ် တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့က ဒီဇင်ဘာလ ၉ ရက်နေ့ ည ၉ နာရီ ၅၅ မိနစ်အချိန်မှာ တောင်ငူမြို့ရှိ အာဏာသိမ်းစစ်အုပ်စုရဲ့ ကေတုမတီ လေတပ်အတွင်းရှိ ဆီလှောင်ကန်တွေကို အဓိကပစ်မှတ်ထားပြီး ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
ရခိုင်ပြည်နယ်၊ မြောက်ဦးဆေးရုံ ဗုံးကျဲတိုက်ခိုက်မှုကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီ ၁၃ မိနစ်ခန့်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် တောင်ငူလေဆိပ် တိုက်ခိုက်မှုဟာ အာရက္ခတပ်တော် (AA) ရဲ့ လက်တုန့်ပြန်တိုက်ခိုက်မှု မဟုတ်ပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
အာရက္ခတပ်တော် (AA) အနေနဲ့ မြောက်ဦးဆေးရုံကို ဗုံးကျဲ တိုက်ခိုက်ခဲ့တဲ့ ပြစ်မှုကျုးလွန်သူ ၊ ကျူးလွန်ရန် စေခိုင်းသူ နဲ့ ပါဝင်ပတ်သက် သူတွေကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်မယ်လို့တော့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဆေးရုံအတွင်း ဆေးကုသခံယူနေတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေထဲ ၃ လသားအရွယ် မိန်းကလေး ၁ ဦးအပါအဝင် အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၇ ဦး စုစုပေါင်း ၃၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အခြားသော ဆေးကုသမှုခံယူနေကြတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူ ၇၆ ဦးလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။



