ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်သမ္မတ နေပြည်တော် ရောက်ရှိ။ ညွန့်ပေါင်းအစိုးရ အသစ် ဖွဲ့စည်းမည်။ ဦးသိန်းစိန်အပါအဝင် အစိုးရ တစ်ရပ် ဖွဲ့ စည်းခိုင်းနေပြီး ပြန်လည်သက်မြတ်ရေး စတင်။ မင်းအောင်လှိုင်ကို ဖယ်ထုတ်ရန် တရုတ်စတင်ကိုင်သွယ်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ညွန့်ပေါင်းအစိုးရ အသစ် ဖွဲ့စည်းဖို့ တရုတ်သမ္မတ နေပြည်တော်ရောက်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ နိုင်ငံရေးသုံးသပ်ချက်တွေ ရေးသားဖော်ပြလေ့ရှိတဲ့ ဆောင်းပါးရှင် လှစိုးဝေရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇန်နဝါရီ ၂၆ ရက်နေ့က တင်ထားတဲ့ 'ရွေးကောက်ပွဲ တွင် တရုတ် တို့ အနိုင်ရသွားပြီ' ဆိုတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သုံးသပ်ချက်ဆောင်းပါးကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပါ။
ဆောင်းပါးထဲမှာ စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ စွက်ဖက်မှုနဲ့ နိုင်ငံတကာက ထောက်ခံမှု မရှိကြောင်းတွေကို ရေးသားထားတာပါ။
ဒီဆောင်းပါးထဲမှာ သမ္မတဟောင်း ဦးသိန်းစိန် ပါဝင်တဲ့ ညွန့်ပေါင်းအစိုးရ အသစ် ဖွဲ့စည်းဖို့ တရုတ်သမ္မတ ရှီကျင့်ဖျင် နေပြည်တော်ကို ရောက်ရှိနေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဆောင်းပါးရှင် လှစိုးဝေရဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဖော်ပြထားတဲ့ သုံးသပ်ချက်ဆောင်းပါးကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



