ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Burmese Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၂၃ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တောင်ငူလေတပ် AA,KIAနဲ့ PDF တပ်တွေက အပြီးသိမ်းပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တောင်ငူလေတပ်စခန်း တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လအတွင်းက Khit Thit Media သတင်းဌာနမှာ ဖော်ပြခဲ့တဲ့ 'စစ်ကောင်စီ၏ တောင်ငူ ကေတုမတီ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်' ဆိုတဲ့ သတင်းဟောင်းကို နောက်ခံစကားပြောတွေနဲ့ ပြန်လည်ပြောဆိုထားတာပါ။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီရဲ့ တောင်ငူကေတုမတီလေတပ်စခန်းကို မကြာခန ဝင်ရောက်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာမှာ ပြီးခဲ့တဲ့လ ဒီဇင်ဘာ ၁၀ ရက်နေ့ကလည်း Brave Warriors for Myanmar (BWM) အဖွဲ့အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ ၅ ဖွဲ့ပူးပေါင်းပြီး ကေတုမတီလေတပ်စခန်း ဆီသိုလှောင်ကန်ကို ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးပါတယ်။
ဒီလို မကြာခန တိုက်ခိုက်မှုတွေရှိနေပေမယ့် ဒီလေတပ်စခန်းကို သိမ်းပိုက်လိုက်ပြီးဆိုတာ သတင်းမှားတွေသာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထုတ်ပြန်ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



