BOOM Myanmar

Trending Searches

    BOOM Myanmar

    Trending News

      • သတင်းအတု
      • ကျန်းမာရေး
      • အချက်အလက် ရယူရန်
      • Home-icon
        Home
      • Contact Us-icon
        Contact Us
      • Correction Policy-icon
        Correction Policy
      • သတင်းအတု-icon
        သတင်းအတု
      • ကျန်းမာရေး-icon
        ကျန်းမာရေး
      • အချက်အလက် ရယူရန်-icon
        အချက်အလက် ရယူရန်
      • Home
      • အချက်အလက် ရယူရန်
      • စစ်ကောင်စီတိုက်နေတဲ့ မြေအောက်စစ်ပွဲ
      အချက်အလက် ရယူရန်

      စစ်ကောင်စီတိုက်နေတဲ့ မြေအောက်စစ်ပွဲ

      လေးနှစ်တာအတွင်း စစ်ကောင်စီက တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဗျုဟာတွေထဲမှာ အွန်လိုင်းပေါ်ကလူထုအင်အားကို ထိန်းချုပ်ပြီး၊ တစ်ဖက်မှာတော့ သတင်းမှားတွေ သွေးခွဲသပ်လျှိုမှုတွေကို ဝါဒဖြန့်အင်အားစုတွေကနေတဆင့် မသမာတဲ့နည်းလမ်းတွေနဲ့ ဖြန့်ဝေလျက်ရှိပါတယ်။

      By - Boom Live Myanmar |
      Published -  22 Dec 2024 11:25 PM IST
    • စစ်ကောင်စီတိုက်နေတဲ့ မြေအောက်စစ်ပွဲ

      ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်မှာ မြန်မာစစ်တပ် ရှိနေခြင်းက အန္တရာယ်များလွန်းတယ်လို့ ရေးသားထားတဲ့ ကြေငြာချက်တစ်ခုကို စကားလုံးအတိအကျနဲ့ ဖေ့စ်ဘွတ်ကုမ္ပဏီကထုတ်ပြန်ခဲ့ဖူးပါတယ်။

      အဲ့ဒီမူရင်းကWe believe the risks of allowing the Tatmadaw on Facebook and Instagram are too great ဆိုပြီးတော့ ဖြစ်ပါတယ်။

      ဒီထုတ်ပြန်ချက် က အာဏာသိမ်းပြီး နှစ်လအကြာမှာပဲ ဖေ့စ်ဘွတ်ရဲ့ Meta ကုမ္ပဏီက တရားဝင်ထုတ်ပြန်ခဲ့တာဖြစ်ပြီးတော့ အဓိကအနေနဲ့ အာဏာသိမ်းပြီးတဲ့နောက် လူ့အခွင့်ရေးချိုးဖောက်တဲ့ သတ်ဖြတ်ဖမ်းဆီးမှုတွေအပြင် အဲ့ဒီလုပ်ရပ်တွေကို လှုံ့ဆော်ထောက်ခံတဲ့ အပြုအမူတွေဟာစစ်တပ်အင်အားစုဖက်မှာ အလုံးအရင်းနဲ့ရှိလာတာတွေကြောင့် သူတို့ရဲ့လူမှုကွန်ရက်ပေါ်မှာ ဒီလိုအကြောင်းအရာတွေမရှိရဘူးဆိုတဲ့ မူဝါဒနဲ့ဖြစ်ပါတယ်။

      အဲ့ဒီနောက်တော့ စစ်တပ်ကိုယ်တိုင်အပါအဝင် သူနဲ့ဆက်စပ်ပတ်သက်တဲ့ လုပ်ငန်းစုတွေ၊ စစ်တပ်ကို အားပေးထောက်ခံတဲ့သူတွေ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ်က လုံးလုံးပျောက်ကွယ်ခဲ့ပါတယ်။

      ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင် Page ကနေစပြီး စစ်တပ်ကို သိုင်းဝိုင်းချီးမြှောက်တဲ့ အကောင့်တွေအကုန်လုံး ဖေ့စ်ဘွတ်ကနေပျောက်ကွယ်သွားရတာဖြစ်ပါတယ်။

      မြန်မာပြည်ရဲ့လူသုံးအများဆုံး ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုပေါ်ကနေ အုပ်စုလိုက်ဖယ်ရှားခံရတဲ့အဖြစ်ဟာ စစ်တပ်နဲ့ သူ့ရဲ့ထောက်ခံသူတွေအတွက်တော့ အကြပ်ရိုက်စရာဖြစ်ခဲ့ပါတယ်။ ဒီတော့ သူတို့ကြားထဲ မေးခွန်းတစ်ခုပေါ်လာတာက စစ်တပ်ရဲ့သတင်းတွေနဲ့ ဝါဒဖြန့်ဖို့ ကိစ္စတွေအတွက် ဘယ်ပလက်ဖောင်းကို သုံးမလဲဆိုတာပါ။



      သတင်းထိန်းချုပ်ကန့်သတ်မှုအစ

      မဲမသမာလို့ အာဏာသိမ်းတယ်ဆိုတဲ့ စစ်တပ်ဟာ အဲ့ဒီအချက်ကိုထောက်ပြဝေဖန်တဲ့၊ လူထုဖက်ရပ်တည်တဲ့ သတင်းဌာနတွေနဲ့ သတင်းသမားတွေကို နိုင်ငံတွင်းမရှိစေဖို့ နည်းလမ်းမျိုးစုံသုံးပါတယ်။ ယခင်ရှိခဲ့တဲ့ ပြည်တွင်းက သတင်းဌာနကြီးတွေကို စစ်ကောင်စီဆိုတဲ့ စကားလုံးအသုံးအနှုန်းကအစ ပိတ်ပင်ပင်တာကစလို့၊ သတင်းတစ်ပုဒ်ချင်းသတင်းထောက်တစ်ဦးချင်းစီကို တင်းကျပ်တဲ့ပိတ်ပင်မှုတွေလုပ်ခဲ့ပါတယ်။

      အဆိုးရွားဆုံးကတော့ သတင်းဌာနတွေကို ပိတ်ပစ်စေတဲ့လုပ်ရပ်တွေအပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ သတင်းထောက်တွေကို တွေ့ရာနေရာမှာဖမ်းဆီးတာ၊ ပြစ်ဒဏ် နှစ် ၂၀ ထိ ချမှတ်တဲ့ အပြစ်ပေးမှုတွေလုပ်တာနဲ့ စစ်ကြောရေးလိုနေရာမှာ အသက်သေစေတဲ့အထိဖိနှိပ်တာတွေရှိခဲ့ပါတယ်။





      ပုံစာ - ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရတဲ့ မြန်မာနောင်း သတင်းထောက် စိုင်းဇော်သိုက် ( ဓါတ်ပုံ - RSF )

      ဒါတွေလုပ်နေတဲ့ စစ်ကောင်စီမှာ ရည်ရွယ်ချက်တစ်ခုမကပိုပါတယ်။ အဲ့ဒီအထဲက ပထမဆုံးတစ်ချက်ကတော့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်းပြည်တွင်းမှာလုပ်နေတဲ့ မတရားမှုတွေအကုန်လုံးကို သတင်းအမှောင်ချပစ်ဖို့ပဲဖြစ်ပါတယ်။

      အာဏာသိမ်းပြီး လေးနှစ်ပြည့်ဖို့ ရက်ပိုင်းအလိုအထိ မြန်မာနိုင်ငံထဲက သတင်းသမား အယောက် ၅၀ ကျော်က အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးခံထားရပါတယ်။ ဒီအရေအတွက်က မကြာသေးခင်ကဖွဲ့စည်းထားတဲ့ လွပ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ Independent Press Council Myanmar ကထုတ်ပြန်ထားတာဖြစ်ပါတယ်။



      ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ (Detained Journalist Information Myanmar) ရဲ့ စာရင်းတွေအရတော့ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်အတွင်း သတင်းမီဒီယာ ၁၅ ခု ပိတ်သိမ်းခံရပြီး သတင်းထောက် ခုနစ်ယောက် သေဆုံးခဲ့တယ်လို့ဖော်ပြပါတယ်။

      ၂၀၂၄ နှစ်လည်အထိ သတင်းသမား ၁၇၂ ဦးက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံရပြီး ၁၇၂ ဦး ဖမ်းဆီးခံခဲ့ရပြီးလက်ရှိအချိန်ထိ သတင်းထောက်ဦးရေ ငါးဆယ်ကျော်ဖမ်းဆီးခံရဆဲဖြစ်တယ်လို့ အဲ့ဒီစာရင်းမှာဖော်ပြပါတယ်။



      ပလက်ဖောင်းပျောက်တဲ့ စစ်တပ်အင်အားစု

      စစ်တပ်နောက်လိုက်နောက်ပါတွေကို

      စိတ်ခွန်အားမြှင့်ဖို့သတင်းချန်နယ်တွေနဲ့

      ပလက်ဖောင်းတွေရှိလာဖို့ဖြစ်ပါတယ်။

      တကယ်တော့ ဒီအာဏာသိမ်းပွဲနောက်ပိုင်းမှာ စစ်တပ်တိုက်ရတဲ့ တိုက်ပွဲတွေက တောတွေ၊ တောင်တွေကြားထဲမှာပဲဖြစ်နေတာမဟုတ်ပါဘူး။ လက်နက်မပါတဲ့တိုက်ပွဲတစ်ခုက နောက်တစ်နေရာမှာလည်းရှိပါသေးတယ်။ အဲ့ဒါက အွန်လိုင်းပေါ်ကသတင်းတိုက်ပွဲဖြစ်ပါတယ်။

      ဖေ့စ်ဘွတ်ပေါ်က စစ်တပ်အင်အားစုဖယ်ရှားခံရပြီးတော့ လူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကဖြန့်ဝေကြတဲ့ သတင်းအချက်အလက်တွေဟာ အနိုင်အရှုံးကိုပုံဖော်ရာမှာ တော်တော်လေး တာသွားပါတယ်။

      အဲ့ဒီကာလမှာ လူထုကြားထဲမှာ တော်လှန်ရေးဖက်က စစ်ကောင်စီတပ်ဖွဲ့တွေကို အသစ်ပေါ်လာတဲ့လက်နက်ကိုင်အဖွဲ့တွေက ချေမှုန်းတာ၊ တပ်ဖွဲ့လိုက်လက်နက်ချဘက်ပြောင်းတာနဲ့ အဓိကကတော့ စစ်ကောင်စီတပ်ဖွဲ့တွေရှုံးနိမ့်တဲ့သတင်းတွေက စစ်တပ်ထောက်ခံသူတွေကို စိတ်ဓါတ်အင်အားချိနဲ့စေပါတယ်။

      ဒီတော့အရှေ့ပိုင်းမှာပြောခဲ့တဲ့ စစ်တပ်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ ထပ်တိုးရမှာတွေရှိလာပါတယ်။ အဲ့ဒါက အွန်လိုင်းပေါ်က တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထိန်းချုပ်ဖို့၊ တော်လှန်ရေးကို အရှိန်မြင့်စေတဲ့ လူထုရဲ့ပံ့ပိုးကူညီမှုတွေကို ဖြတ်တောက်ပစ်ဖို့ နဲ့ ၊လူထုကို စိတ်ဓာတ်စစ်ဆင်ရေးနဲ့ သွေးခွဲဖို့စတဲ့ရည်ရွည်ချက်နဲ့ ဦးတည်ချက်ကြီးကြီးမားမားရှိပါတယ်။

      ဒါတွေအားလုံးအတွက် အရေးကြီးတာက စစ်တပ်နောက်လိုက်နောက်ပါတွေကို စိတ်ခွန်အားမြှင့်ဖို့သတင်းချန်နယ်တွေနဲ့ ပလက်ဖောင်းတွေရှိလာဖို့ဖြစ်ပါတယ်။

      ဖေ့စ်ဘွတ်ပလက်ဖောင်းပေါ်ကပျောက်ကွယ်သွားရတဲ့ စစ်တပ်အင်အားစုက လမ်းပျောက်နေတဲ့ကာလမှာ အစပိုင်းတော့ ရုရှားအစိုးရရဲ့ VK ပလက်ဖောင်းကိုသုံးပြီးဝါဒဖြန့်ကြဖို့လုပ်ကြပါသေးတယ်။ အဲ့ဒီတုန်းက ဖေ့စ်ဘွတ်မှာရှိတဲ့ လူထုအင်အားနဲ့ဖြန့်တဲ့သတင်းတွေကြားထဲ ခေါင်းမထောင်လိုက်နိုင်ပါဘူး။

      တစ်ခါ သူတို့စစ်တပ်ကထုတ်တဲ့ ကိုယ်ပိုင်ဆိုရှယ်နက်ဝက် ရှိရမယ်ဆိုပြီး ဘတ်ဂျက်သန်းနဲ့ချီ သုံးဖို့ လုပ်ကြပါသေးတယ်။ အဲ့ဒီထဲမှာ YouTube ကို တုပတဲ့ MTube နဲ့ Ok Par ဆိုတဲ့ ဆိုရှယ်မီဒီယာ App တွေပါဝင်ပါတယ်။ ဒါပေမယ့် အဲ့ဒီနှစ်ခုစလုံး လူသုံးများတဲ့ပလက်ဖောင်းတွေဖြစ်မလာပါဘူး။



      သူတို့အတွက် နောက်ဆုံးသုံးရတဲ့လက်နက်က Telegram ဖြစ်ပါတယ်။ ၂၀၂၂ နောက်ပိုင်းကစပြီး စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချယ်နယ်တွေ အပြိုင်းအရိုင်းပေါ်လာပါတယ်။ ဒီတယ်လီဂရမ်ပေါ်က အကောင့်တွေနဲ့ချယ်နယ်တွေဟာ နက်ဝက်တစ်ခုပုံစံမျိုးနဲ့အလုပ်လုပ်ပါတယ်။



      အွန်လိုင်းအင်အားစုကို အပြုတ်တိုက်ရေး

      အရင်ဆုံးဦးတည်တာက သတင်းအချက်အလက်စစ်ရှုံးနေတဲ့တိုက်ပွဲမှာ တဖက်ကတော်လှန်ရေးကို အထောက်ကူဖြစ်နေတဲ့ အွန်လိုင်းအင်အားစုကို အင်အားချိနဲ့ဖို့စတင်တာဖြစ်ပါတယ်။

      ဒါကိုလုပ်ဖို့ ဟန်ငြိမ်းဦးဆိုတဲ့ ချန်နယ်က ဦးဆောင်ပါတယ်။ သူတို့လုပ်တာက လူမှုကွန်ရက်ပေါ်မှာရှိတဲ့ သာမာန်လူတွေအပါအဝင်ထင်ပေါ်ကြော်ကြားသူတွေရဲ့ အကောင့်တွေကိုစောင့်ကြည့်တာ၊ တော်လှန်ရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှန်သမျှကို ဝေမျှသူတွေတင်မက ကောမန့်တစ်ခုချင်းရေးသူတွေကိုပါစောင့်ကြည့်ပြီး ပြည်တွင်းမှာရှိနေတဲ့သူတွေဆိုရင် နေ့မကူးပဲဖမ်းဆီးထောင်ချတဲ့အထိ ထိရောက်အောင်လုပ်ဆောင်ခဲ့ပါတယ်။

      ဒီလိုလုပ်တဲ့ ဖြစ်စဉ်တွေထဲမှာ ထင်ပေါ်ကြော်ကြားသူအများအပြားနဲ့ နောက်ဆုံးအနေနဲ့ မြန်မာသတင်းသမား ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတန်တို့ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်ပါဝင်ပါတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး ပြည်တွင်းမှာရှိနေတဲ့ လူတွေရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာ တော်လှန်ရေးနဲ့ပတ်သက်လို့ ပြောတာ၊ ဝေမျှတာတွေအကုန် ရပ်တန့်သလောက်ဖြစ်ခဲ့ပါတယ်။

      ဒီနောက်ပိုင်းမှာတော့ ဒီလို အွန်လိုင်းအင်အားစုတွေကို စစ်တပ်ထောက်ခံတဲ့တယ်လီဂရမ်တွေက အွန်ချောင် ဆိုတဲ့ နာမည်တစ်ခုပေးပါတယ်။ အဲ့ဒါက အွန်လိုင်းကအာချောင်သူတွေဆိုတဲ့ သဘောမျိုးမှည့်တာဖြစ်ပြီး ရေးသားသူမှန်သမျှကို အုံနဲ့ကျင်းနဲ့ သတင်းပေးဖမ်းဆီးခိုင်းတာတွေဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။


      ဒီနောက်ပိုင်းမှာတော့ တယ်လီဂရမ်တွေက စောင့်ကြည့်တဲ့ကိစ္စအပြင်နောက်တစ်ဆင့်လုပ်လာတာက လူထုရဲ့ ဆိုရှယ်မီဒီယာသုံးစွဲနိုင်ခွင့်ကို ကန့်သတ်တာပါ။

      အာဏာသိမ်းပြီးကတည်းက ပြည်တွင်းက အင်တာနက်မြန်နှုန်းတွေလျှော့ချတာနဲ့ သူတို့မသုံးရတဲ့ဖေ့စ်ဘွတ်ကို ပြည်တွင်းမှာပိတ်ချခဲ့တဲ့စစ်ကောင်စီဟာ နောက်ထပ်တင်းကြိုးတွေ တစ်ရစ်ချင်းထပ်တက်ပါတယ်။ အဲ့ဒါက ဖေ့စ်ဘွတ်ကို ကျော်ခွသုံးလို့ရတဲ့ VPN တွေကို ပိတ်ချပစ်တဲ့နည်းလမ်းပါ။

      တကယ်လို့ ဒီနှစ်ထဲ မြန်မာနိုင်ငံပြင်ပကတစ်စုံတစ်ယောက်က ပြည်တွင်းမှာ ဖေ့စ်ဘွတ်သုံးချင်ရင် ဘယ် VPN ကအဆင်ပြေမလဲဆိုတာ အဖြေပေးဖို့ခက်ခဲတဲ့အခြေအနေအထိဖြစ်လာပါတယ်။အဲ့ဒီအပြင် VPN အဆင်ပြေရင်တောင် ဖေ့စ်ဘွတ်မှာ ပို့စ်တွေသိပ်မြင်ရတော့မှာမဟုတ်ပါဘူး။

      သတင်းတွေဖယ်၊ အတင်းအဖျင်းတွေဖြည့်




      အာဏာသိမ်းပြီးတော့ သတင်းမီဒီယာတွေကိုဖျက်သိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီထုတ်သုံးတဲ့လက်နက်က အညှီအဟောက်မီဒီယာတွေထောင်နဲ့ချီကို ဖေ့စ်ဘွတ်ပေါ်မှာ အုံနဲ့ကျင်းနဲ့ဖြန့်ဝေတာဖြစ်ပါတယ်။

      ဒီအထဲမှာ ရာနဲ့ချီတဲ့ ဖျော်ဖြေရေးမီဒီယာအမည်ခံမီဒီယာတွေကို လိုင်စင်အသစ်တွေချပေးတာအပါအဝင် ဖေ့စ်ဘွတ်မှာ တပ်ထောက်ခံသူတွေ ထောင်တဲ့ဖျော်ဖြေရေးပေ့ချ်တွေထွက်ပေါ်လာတာလည်းပါဝင်ပါတယ်။အဲ့ဒီလိုအကြောင်းအရာတွေကို ဦးဆောင်ဖြန့်ဝေတဲ့ပေ့ချ်ထဲမှာ စစ်ခေါင်းဆောင်သမီး ခင်သီရိသက်မွန်နဲ့မကင်းတဲ့ MC မီဒီယာလည်းပါဝင်ပါတယ်။ အဲ့ဒီကထုတ်လုပ်တဲ့အညှီအဟောက်နဲ့ အတင်းအဖျင်းအကြောင်းအရာတွေကို နောက်ထပ်ပေ့ချ်တွေက ကူးယူပြီး လူထုကြားထဲ နေ့စဉ်နဲ့အမျှအကြိမ်ကြိမ်အခါခါ ဆင့်ကဲဖြန့်ဝေကြတာဖြစ်ပါတယ်။

      နေ့စဉ်နဲ့အမျှ ဖြန့်ဝေနေတဲ့ အဆိပ်အတောက်မကင်းတဲ့ သတင်းအချက်အလက်တွေဟာ၊ ဒီနည်းလမ်းနဲ့ သူသုံးများတဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်းကြမ်းပြည့်ဖြစ်နေပြီး သတင်းမှန်စားသုံးတဲ့အခြေအနေကဒီကာလထဲ ထဲပျက်သုန်းလုနီးပါးဖြစ်လာနေပါတယ်။


      တယ်လီဂရမ်ပေါ်က စစ်တပ်အင်အားစု

      တယ်လီဂရမ်ပေါ်က လှုပ်ရှားကြတဲ့ စစ်တပ်အင်အားစုတွေထဲမှာ စစ်တပ်ထောက်ခံသူ၊ ကြားနေ၊ မီဒီယာသမားဟောင်းဆိုတဲ့ အုပ်စုသုံးစုရှိပါတယ်။ဒါပေမယ့် ဒီအုပ်စုသုံးစုလုံးက တူညီတဲ့အလုပ်တစ်ခုတည်းကိုပဲလုပ်ကြပါတယ်။ အဲ့ဒါက စစ်တပ်အတွက်ဝါဒဖြန့်ပေးတာဖြစ်ပါတယ်။

      အာဏာသိမ်းကာလမတိုင်ခင်က အမျိုးသားရေးဝါဒအားပေးတဲ့ မဘသအဖွဲ့တွေ၊ စစ်တပ်တဲ့မလွတ်မကင်းရှိသူတွေ၊ NLD မုန်းတီးရေးအဖွဲ့တွေအားလုံးက စစ်တပ်ဖက်က ရပ်တည်ပံ့ပိုးတဲ့ကိစ္စအပြင် စစ်တပ်ကဖြန့်ဝေလိုတဲ့ အချက်အလက်တွေ၊ သတင်းစကားတွေအကုန်လုံးကို သူတို့ချန်နယ်တွေပေါ်ကနေ အချင်ချင်းချိတ်ဆက်ပြီးဖြန့်ဝေကြတာဖြစ်ပါတယ်။

      သူတို့ဘာတွေဖြန့်ကြသလဲ

      သတင်းမီဒီယာ နဲ့ အင်တာနက်သုံးစွဲခွင့်ကိုထိန်းချုပ်၊ လူထုအင်အားကောင်းတဲ့ ဆိုရှယ်မီဒီယာကိုကန့်သတ်ပြီး လူထုရဲ့ အွန်လိုင်းကပြောရေးဆိုခွင့်တွေကို အင်အားသုံးဖိနှိပ်မှုတွေနဲ့ စစ်ကောင်စီအမာခံတွေကို ဝါဒဖြန့်ဖို့ တယ်လီဂရမ်တွေနဲ့ တစ်တော့လိုနေရာတွေကနေ အုံနဲ့ကျင်းနဲ့လုပ်ဆောင်ကြတဲ့ပုံစံက...

      စစ်တပ်နဲ့ ဆက်စပ်ပတ်သက်တဲ့ တယ်လီဂရမ်အကုန်လုံးနီးပါးက စစ်ကောင်စီပုံဖော်လိုတဲ့ သတင်းအချက်အလက်တွေ၊ စကားလုံးအသုံးအနှုန်းတွေ၊ လူထုကို ဆုံးဖြတ်ချက်ဝေဝါးနေစေမယ့် သွေးထိုးလှုံ့ဆော်တဲ့ သတင်းတွေနဲ့အကြောင်းအရာတွေဖြန့်ဝေပေးကြပါတယ်။

      ဒီအခြေအနေထဲမှာ စစ်ကောင်စီနဲ့ ထိတွေတိုက်ပွဲတွေဖြစ်တဲ့ တိုင်းရင်းသားဒေသတွေတိုင်းမှာ ဒေသခံအချင်းချင်းသွေးကွဲ စေတဲ့သတင်းတွေ၊ ဒေသခံလက်နက်ကိုင်အဖွဲ့တွေနဲ့ လူထုကြားထိပ်တိုက်တွေ့ဆုံနိုင်တဲ့ အကြောင်းအရာတွေ၊ သတင်းတု သတင်းမှားတွေနဲ့ကိုဖြန့်ဝေကြတာတွေပါဝင်ပါတယ်။

      ပြီးခဲ့တဲ့ နှစ်တွေထဲ Boom Myanmar ကစောင့်ကြည့်ခဲ့တဲ့ သတင်းတွေထဲမှာ ကယားပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လူထုကြားထဲ သွေးခွဲတဲ့ သတင်းမျိုး၊ ချင်းနဲ့ရခိုင်တိုင်းရင်းသားတွေထဲ ထိပ်တိုက်ဦးတည်စေတဲ့ သတင်းတု သတင်းမှားမျိုး၊ ရခိုင့်တပ်တော် AA နဲ့ ဒေသခံမွတ်စလင်တွေကြား၊AA နဲ့ ဒေသခံရခိုင်တိုင်းရင်းသားတွေကြား ထိပ်တိုက်တွေ့စေရေးကို ဦးတည်စေတဲ့ သတင်းမျိုးတွေပါဝင်ပါတယ်။


      တဖက်မှာလည်း တော်လှန်ရေးမှာပါဝင်နေတဲ့ အင်အားစုတွေကိုတိုက်ရိုက်ဦးတည်တဲ့အကြောင်းအရာတွေမှာအမျိုးသမီးတွေကို လိင်မှုကိစ္စနဲ့ပတ်သက်ပြီး အသရေဖျက်တဲ့ အကြောင်းအရာတွေ၊ လိင်မှုရေးရာတွေနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ အုံနဲ့ကျင်းနဲ့ဖြန့်ဝေခဲ့ကြပါတယ်။


      အခုတော့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချိရေး အုပ်စုတွေဟာ တယ်လီဂရမ်မှာပဲမရပ်နေပါဘူး။ ဖျော်ဖြေရေးနဲ့ ပေါ့ပေါ့ပါးပါအကြောင်းအရာတွေကို ဦးစားပေးတဲ့ ပလက်ဖောင်းဖြစ်တဲ့ Tik Tok ပလက်ဖောင်းကိုထပ်ရွှေ့လာကြပါသေးတယ်။ ဒီပလက်ဖောင်းမှာ ဝါဒဖြန့်စည်းရုံးသိမ်းသွင်းလို့လွယ်တဲ့ လူတန်းစားနဲ့ လူငယ်တွေရှိနေတာကို စစ်တပ်ကဂရုပြုသလို အဲ့ဒီအုပ်စုအတွက်ရည်ရွယ်တဲ့ Tik Tok ပြိုင်ပွဲကိုတောင် ကမကထလုပ်ပေးခဲ့ပါသေးတယ်။

      ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ တစ်တော့ပလက်ဖောင်းပေါ်ကို စစ်တပ်ရဲ့အမာခံ ဝါဒဖြန့်ဒေါက်တိုင်တွေဖြစ်တဲ့ မှိုင်းဝေ၊ ကိုသက်၊ ကျော်စွာ ၊ ဟန်ငြိမ်းဦးစတဲ့အကောင့်တွေအပါအဝင်အကောင့်တော်တော်များများနယ်ပယ်ချဲ့သွားကြပြန်ပါတယ်။

      အထက်မှာပြောခဲ့တဲ့ မီဒီယာတွေကို ဖိနှိပ်တဲ့လုပ်ငန်းစဉ်ကစလို့ စစ်ကောင်စီကိုင်တွယ်ခဲ့တဲ့အင်တာနက်ဖြတ်တောက်ရေးနဲ့ ထိန်းချုပ်ကန့်သတ်ရေးယန္တယားတစ်ခုလုံးဟာ အွန်လိုင်း သတင်းအချက်အလက်တိုက်ပွဲကို မသမာတဲ့နည်းလမ်းမျိုးစုံနဲ့ မောင်းနှင်ခဲ့တာတွေ့ရပါတယ်။

      သတင်းမီဒီယာ နဲ့ အင်တာနက်သုံးစွဲခွင့်ကိုထိန်းချုပ်၊ လူထုအင်အားကောင်းတဲ့ ဆိုရှယ်မီဒီယာကိုကန့်သတ်ပြီး လူထုရဲ့ အွန်လိုင်းကပြောရေးဆိုခွင့်တွေကို အင်အားသုံးဖိနှိပ်မှုတွေနဲ့ စစ်ကောင်စီအမာခံတွေကို ဝါဒဖြန့်ဖို့ တယ်လီဂရမ်တွေနဲ့ တစ်တော့လိုနေရာတွေကနေ အုံနဲ့ကျင်းနဲ့လုပ်ဆောင်ကြတဲ့ပုံစံက စစ်ကောင်စီရဲ့အွန်လိုင်းတိုက်ပွဲဗျူဟာကို တဆင့်ချင်း ဖော်ဆောင်နေတာဖြစ်ပါတယ်။

      Read Full Article
      Next Story
      Our website is made possible by displaying online advertisements to our visitors.
      Please consider supporting us by disabling your ad blocker. Please reload after ad blocker is disabled.
      X
      Or, Subscribe to receive latest news via email
      Subscribed Successfully...
      Copy HTMLHTML is copied!
      There's no data to copy!