ဒီအကြောင်းအရာကို SUN bumese ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ၂၄ နာရီ မပြည့်မီ ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ထွက်လာကြပြီ။ ဒေါ်စု နဲ့ အကျဉ်းသား ၅၀၀၀ လွှတ်။ ရွေးကောက်ပွဲ အောင်မြင်ရေး ယတြာချေတဲ့အနေနဲ့ ဒေါ်စု နဲ့ အကျဉ်းသား ၅၀၀၀ ကို လွှတ်လို့ လန့်ကုန်ပြီ' လို့ ရေးသား ထားပါတယ်။
ဗီဒီယို ထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးချုပ်နှောင်ခံနေရဟန် AI နဲ့ ပြုပြင်ထားတဲ့ ပုံတွေ ထည့်သွင်းပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရွေးကောက်ပွဲ အောင်မြင်ရေး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသား ၅၀၀၀ လွှတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးချုပ်နှောင်ခံနေရဟန် AI နဲ့ ပြုပြင်ထားတဲ့ ပုံတွေ ထည့်သွင်းပြီး နောက်ခံစကားပြောနဲ့ စိတ်ထင်ရာ ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အကျဉ်းသား ၅၀၀၀ လွှတ်ပေးတယ်ဆိုတဲ့ အကြောင်းအရာဟာ သတင်းအမှားသာ ဖြစ်ပြီး စစ်ကောင်စီ အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးက ထုတ်ပြန်ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



