ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtubte ချန်နယ်မှာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'FBI ကြား မြဝတီကို ဝင်စီးနေပြီ။ စစ်တပ် ဗိုလ်မှူးအဆင့်တွေ ဖမ်းဆီးခံရ။ ရွှေက္ကူကူ ကို အမေရိကန် FBI ဝင်စီးနေ စစ်သားအများအပြား ဖမ်းဆီး စောချစ်သူ ဖမ်းဆီးခံရဟုသတင်းထွက်ပေါ်နေ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရွှေကုက္ကိုကို အမေရိကန် FBI ဝင်စီးပြီး ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ဧရာဝတီ သတင်းဌာနမှာ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့က ဖော်ပြထားတဲ့ 'ကျားဖြန့်များကို ဖမ်းဖို့ FBI လာနေပြီဟု သတိပေး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထား လိမ်လည်နေတဲ့ အရှေ့တောင်အာရှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)တွေကို ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို( FBI ) တို့ ပူးပေါင်း နှိမ်နင်းနေတယ်လို့ FBI ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး စကော့ ရှဲလ်ဘဲလ်က ပြောကြောင်း၊ FBI တရားရေးဝန်ကြီးဌာန (DOJ) ရဲ့ အထူးနှိမ်နင်းရေးအဖွဲ့နဲ့ ထိုင်းတော်ရဲတပ်ဖွဲ့တို့ လက်တွဲလုပ်ဆောင်နေပြီး Joint Task Force မှာ အတူတကွ ထိုင်ကာ အလုပ်လုပ်နိုင်ဖို့အတွက် FBI အေးဂျင့်တွေကို စေလွှတ်ထားပြီး ဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီသတင်းထဲမှာ ရွှေကုက္ကိုကို အမေရိကန် FBI ဝင်စီးပြီး ဖမ်းဆီးနေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



