အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ 3 မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံရယ်၊ မင်းအောင်လှိုင် ရဲ့ဓါတ်ပုံရယ်၊ သတင်းကြေညာသူတစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “အစိုးရသစ်မှာ ဒေါ်စု ပါဝင်လာမည်။ မင်းအောင်လှိုင် ဝန်ခံလိုက်ပြီဟေ့။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချရန် လုပ်နေပြီ။ ပြည်သူများ မဖြစ်မနေ နားထောင်ကြတော့” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ဒီရက်ပိုင်းအတွင်း အစိုးရသစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမယ်ဆိုတဲ့ ဖြစ်စဉ် မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင်ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။



