စစ်တပ်လော်ဘီကျော်စိုးဦးဟာ တော်လှန်ရေးရဲဘော်တွေရဲ့ အုတ်ဂူတွေကို ဗီဒီယိုရိုက်ပြရင်း တရုတ်က ဝယ်လာတယ်ဆိုတဲ့ ဖိနပ်တဲ့ PDF ရဲဘော်တွေရဲ့အုတ်ဂူပေါ်တက်ပြီး ဖိနပ်ကြိုး ချည်ပြပြီး စော်ကားခဲ့တာ ဖြစ်ပါတယ်။ ဖိနပ်ကြိုးချည်ရင်း တော်လှန်ရေးရဲဘော်တွေကိုလည်း စော်ကားပြောဆိုကာ အုတ်ဂူတွေကို ဖျက်ဆီးပြစ်ရမယ်ဆိုပြီးလည်း ကြိမ်းဝါးထားတာပါ။
ဒီရုပ်သံဖိုင် လူမှုမီဒီယာတွေပေါ် ပြန့်နှံ့လာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ လူထုတော်လှန်ရေးအပေါ် စော်ကားတဲ့အတွက် ကျော်စိုးဦးကို ဖမ်းပေးနိုင်ရင် ငွေသိန်းရာချီဆုချမယ်ဆိုတဲ့ ဖေစ့်ဘွတ်ပိုစ့်တွေလည်း ရှိလာပါတယ်။
စစ်တပ်လော်ဘီ ကျော်စိုးဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို ဇန်နဝါရီ ၈ ရက်နေ့ နေ့လည် ၂ နာရီဝန်းကျင်မှာ Cele Cele Online Media ကနေ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ AI နဲ့ ပြုပြင်ထားတဲ့ ကျော်စိုးဦး လက်နောက်ပြန် လက်ထိပ်ခတ်ထားတဲ့ ပုံနဲ့အတူ 'ကျော်စိုးဦး သိန်း ၃၀၀ ပေးပြီးတောင်းပန်လည်းမရတော့ပါ။ PDF အုတ်ဂူခြေနင်းတဲ့ ကျော်စိုးဦး ပါသွားပီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်လော်ဘီ ကျော်စိုးဦးကို ဖမ်းမိပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
လော်ဘီကျော်စိုးဦးက ဇန်နဝါရီ ၉ ရက်မှာ သူ့ရဲ့ တယ်လီဂရန်ချန်နယ်ကနေ နေကောင်းကျန်းမာလျက်ပါ ဆိုပြီးဗီဒီယိုဖိုင်ကို ဖြန့်ဝေထားတဲ့အပြင် ဆုငွေထုတ်သူတွေကိုလည်း ထပ်မံလှောင်ပြောင်ထားပါသေးတယ်။
ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒါ့အပြင် ကျော်စိုးဦးကို ဖမ်းမိတယ်ဆိုတဲ့ သတင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ပြန်ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



