ဒီအကြောင်းအရာကို Sophal Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီ ၉ ရက် နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေလာတာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ စစ်တပ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ ဗိုလ်နဂါးပုံကို AI နည်းပညာနဲ့ ဖန်တီးပြီး ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'စစ်ကောင်စီနဲ့ခိုးပြီးပူးပေါင်းတဲ့ ဗိုလ်နဂါးကို NUG ပြတ်ပြတ်သားသားအရေးယူပြီ' လို့ ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာတော့ 'ဗိုလ်နဂါး စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ ဓာတ်ပုံတွေအကုန်လုံး၊ သက်သေတွေ အကုန်လုံး NUG က ခုပဲ ချပြလိုက်ပြီ။ ဗိုလ်နဂါးကို မရရအောင် ဖမ်းပါတော့မယ်' လို့ ဆိုပြီးလည်း နောက်ခံစကားပြောနဲ့ ပြောထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဗိုလ်နဂါးက စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ သက်သေတွေ NUG ထုတ်ပြန်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ လက်ရှိဖြစ်ပွားနေတဲ့ NUG နဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ ကြားက ပြဿနာတွေအပေါ် အခြေခံပြီး လူအများ စိတ်ဝင်စားအောင် လုပ်ကြံပြောဆို ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။
ဗိုလ်နဂါးက စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ သက်သေတွေဆိုပြီး NUG ကိုယ်တိုင်က ထုတ်ပြန်ထားတာ မရှိသလို အခြားမည်သည့် အဖွဲ့အစည်းကမှလည်း ထုတ်ပြန်ထားတာ မရှိပါဘူး။
လက်ရှိဖြစ်စဉ်မှာ NUG က BNRA ကို တိုက်ခိုက်ဖို့ တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတာကို သက်သေ အတိအကျ ရရှိထားပြီး တိုက်ပွဲဖြစ်ပွားလာပါက အဆုံးစွန်ထိ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါကို တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား တိုက်ခိုက်ဖို့ မူလည်းမရှိဘူး၊ ရည်ရွယ်ချက်ထဲမှာလည်း မရှိဘူး၊ ကျွန်တော်တို့ NUG က ညွှန်ကြားထားတာမျိုးလည်း မရှိပါဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ငြင်းဆိုတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဇန်နဝါရီ ၉ ရက် မနက်မှာတော့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ BNRA ရဲ့ အခွန်ကောက်ဂိတ်စခန်း ၂ ခုကို NUG ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဝင်ရောက် စီးနင်းခဲ့ပြီး သေနတ် ၁၀ လက် သိမ်းဆည်းသွားတဲ့အပြင် ညပိုင်းမှာလည်း BNRA တပ်ရင်း ၃ ရဲ့ စခန်းကုန်းကို ခရိုင်တပ်ရင်းတွေက စက်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် အခုဖြန့်ဝေနေတဲ့ ဗိုလ်နဂါးက စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ သက်သေတွေ NUG ထုတ်ပြန် ဆိုတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။



