သတင်းအတု

သံပုရာဖျော်ရည်သောက်လို့ ဗီယက်နမ်မှာကိုဗစ်‌ကြောင့် သေဆုံးသူမရှိဆိုတဲ့ သတင်းအမှား

ဗီယက်နမ်နိုင်ငံမှာ သံပုရာဖျော်ရည်သောက်သုံးလို့ ကိုရိုနာဗိုင်းရပ်စ်သစ်နဲ့ သေဆုံးသူမရှိကြောင်း လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာတွေဟာအချက်အလက်အမှားတွေကို အခြေခံပြီးရေးသားထားတာဖြစ်ပါတယ်။

By - Boom Live Myanmar | 4 Aug 2021 6:30 PM IST

သံပုရာဖျော်ရည်သောက်လို့ ဗီယက်နမ်မှာကိုဗစ်‌ကြောင့် သေဆုံးသူမရှိဆိုတဲ့ သတင်းအမှား

ဇူလိုင်လ ၁၈ ရက်နေ့က စတင်ဖြန့်ဝေတဲ့ ဒီအကြောင်းအရာအမှားကို ပြန်လည်ဖြန့်ဝေသူ အများအပြားရှိနေပါတယ်။ ဖြန့်ဝေရာမှာ "ဗီယက်နမ်နိုင်ငံတွင် Corona ဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးနှုန်းလုံးဝမရှိကြောင်း၊ လျှို့ဝှက်ချက်ကတော့ သံပုရာဖျော်ရည်ကို ရောစပ်ပြီးလဖက်ရည်ပူသောက်တဲ့အတွက်ဖြစ်ကြောင်း၊ ဒီလိုသောက်တာက coronavirus သစ်ကိုချက်ချင်းသေစေနိုင်ကြောင်း" စတာတွေကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ရေးသားဖြန့်ဝေနေတာဖြစ်ပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

တကယ်တော့ ဒီအကြောင်းအရာက ဒီနှစ်အစောပိုင်းကတည်းက အင်္ဂလိပ်၊ မလေးရှား နှစ်ဘာသာနဲ့ လူမှုကွန်ယက်တွေပေါ်မှာ ပြန့်နှံ့ခဲ့တာဖြစ်ပြီး AFP သတင်းဌာနက သတင်းဆန်းစစ်မှုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

၂၀၂၁ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ထိ ရရှိထားတဲ့စာရင်းအရ ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၈၈၁ ယောက် ရှိတယ်လို့ worldometer မှာ ဖော်ပြထားပါတယ်။ ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

နောက်ထပ် ဖြန့်ဝေနေတဲ့ သံပုရာဖျော်ရည်သောက်ရင် coronavirus သစ်ကို ချက်ချင်းသေစေနိုင်တယ်ဆိုတာလည်း မှားယွင်းတဲ့ အချက်သာဖြစ်ပါတယ်။အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ်တက္ကသိုလ် Annenberg ပြည်သူ့မူဝါဒစင်တာရဲ့ သတင်းမှားတိုက်ဖျက်တဲ့ ပရောဂျက်တစ်ခုဖြစ်တဲ့ Factcheck.org မှာ ဒါဟာမှားယွင်းတဲ့ အချက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံနဲ့ ပါတ်သတ်ပြီး လူမှုမီဒီယာတွေပေါ်မှာ ဒီလိုသတင်းအမှားတွေ ဖြန့်ဝေခဲ့တဲ့အပေါ် Factcheck.org က ၂၀၂၀ ခုနှစ် ဧပြီလကတည်းက သတင်းဆန်းစစ်ခဲ့တာပါ။


သတင်းမှာ Johns Hopkins တက္ကသိုလ်၊ ကျန်းမာရေးလုံခြုံရေးစင်တာက ကူးစက်ရောဂါကုဆရာဝန် Krutika Kuppalli နဲ့ အင်တာဗျူးမှာ သံပုရာရည် ဒါမှမဟုတ် လက်ဖက်ရည်ပူပူလိုဟာတွေ သောက်ရင် ဗိုင်းရပ်စ်သေတယ်ဆိုတဲ့ အချက်အလက်တွေ မရှိသေးပါဘူးလို့ ပြောထားတာပါတယ်။

သတင်းအပြည့်အစုံကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Tags:

Related Stories