ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် လေပိုင်နက်ထဲ့ အမေရိကန် စစ်လေယာဉ် ဝင်ရောက်လာ။ နေပြည်တော် စစ်ဗိုလ်ချုပ်တွေ ပွက်လောရိုက်နေကြပြီ။ ဆက်သွယ်ရေးလိုင်းအားလုံး ဖြတ်တောက်ထား' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော် လေပိုင်နက်အတွင်း အမေရိကန် စစ်လေယာဉ် ဝင်ရောက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Myanmar Pressphoto Agency သတင်းဌာနမှာ စက်တင်ဘာလ ၁၃ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အမေရိကန် စစ်လေယာဉ်နှစ်စင်းမြန်မာကို ဖြတ်ပျံသန်းသဖြင့် နေပြည်တော်စစ်ခေါင်းဆောင်တွေ အထိတ်တလန့်ဖြစ်နေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ အမေရိကန် စစ်လေယာဉ်နှစ်စင်း မြန်မာလေပိုင်နက်ကို ဖြတ်ပျံသန်းတဲ့အတွက် နေပြည်တော် စစ်ခေါင်းဆောင်တွေ အထိတ်တလန့်ဖြစ်နေကြောင်း၊ စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂နာရီ ၃၀ မိနစ်ခန့်မှာ US Air Force ရဲ့ Lockheed Martin C -130 လေယာဉ်နှစ်စင်းဟာ မြန်မာနိုင်ငံ ဘုရားသုံးဆူကို ဖြတ်သန်ပြီး ပဲခူးရိုးမအရောက်မှာ ပျောက်ကွယ်သွားကြောင်း၊ လေယာဉ်နှစ်စင်းဟာ ထိုင်းနိုင်ငံက ထွက်ခွာလာတာဖြစ်ပြီး Flightradar 24 မှာ KANTO81 နဲ့ KANTO82 အဖြစ်ဖော်ပြပြီး အမေရိကန်သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်လေယာဉ် ၂ စီးဟာ နေပြည်တော လေပိုင်နက်ထဲ ဝင်ရောက်လာတယ်လို့ မရေးသားထားသလို ဆက်သွယ်ရေး လိုင်းတွေအားလုံး ဖြတ်တောက်ထားတယ်ဆိုတဲ့အချက်အလက်တွေလည်မပါဝင်ပါဘူး။
Myanmar Press photo Agency သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။