ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ် ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရန်ကုန်ငလျင်ကြီး လှုပ်နေ။ ရန်ကုန်တိုင်း ရုံးချုပ်ပြိုကျ။ စစ်ကောင်စီ ဝန်ကြီးချုပ်ရုံးပြိုကျပြီး စစ်တပ်ဝန်ထမ်း ၃၈၀ ခန့်သေဆုံး။ ရန်ကုန် ငလျင် ၈.၄ ပြင်းအား အများအပြား သေဆုံး' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ငလျင်လှုပ်ခတ်ပြီး ရန်ကုန်တိုင်း ရုံးချုပ်ပြိုကျတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Voice of Myanmar သတင်းဌာနမှာ ဩဂုတ် ၂၀ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ရန်ကုန်မြို့မှာ ငလျင်လှုပ်ခတ်မှု ဖြစ်၊ အထပ်မြင့်နေသူတွေ စိုးရိမ်ထိတ်လန့်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ဩဂုတ် ၂၀ ရက် ညပိုင်းက ရန်ကုန်မြို့မှာ လှုပ်ခတ်သွားတဲ့ အင်အားရစ်(ခ်)တာ စကေး ၄ ဒသမ ၈ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ရန်ကုန်မှာ ပြင်းအား ၈.၄ ခန့်ရှိ ငလျင်ကြီးလှုပ်ခတ်ပြီး ရန်ကုန်တိုင်း ရုံးချုပ်ပြိုကျရာ စစ်တပ်ဝန်ထမ်း ရာကျော်သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Voice of Myanmar သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။