ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၁၇ ရက်နေ့က စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'လေယာဉ် အသုံးပြုခွင့် လုံခြုံရေးကောင်စီပိတ်ပြီ။ ပြည်သူ ကို သတ်ဖြတ်မှု ပြင်းထန်အရေးယူ။ ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်တပ်ကို လေကြောင်းအားလုံး ပိတ်ဆို့။ လေယာဉ် အသုံးပြု ခွင့် အားလုံး ပိတ်သိမ်းပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့် လုံခြုံရေးကောင်စီ ပိတ်ပင်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ People's Spring သတင်းဌာနမှာ စက်တင်ဘာ ၁၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ကျောက်တော်မြို့နယ်စာသင်ကျောင် လေကြောင်းတိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်တဲ့ အချက်အလက်တွေကို ကုလယန္တရား တောင်းခံ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ စက်တင်ဘာ ၁၂ ရက်က ရခိုင်ပြည်နယ်ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာရှိ ကျောင်းအဆောက်အဦ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ ပေးပို့ဖို့ ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)က တောင်းခံထားတဲ့ အကြောင်းကို ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်ကောင်စီကို လေယာဉ်အသုံးပြုခွင့် လုံခြုံရေးကောင်စီ ပိတ်ပင်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People's Spring သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။