ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကြားဖြတ်သဘောတူညီမှုရ။ ပြည်သူများ ဆင်းရဲဒုက္ခ များနေလို့ မဖြစ်မနေ ဆွေးနွေးမှုသဘောတူညီချက် ၅ ချက်ရပြီ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီနဲ့ NUG ကြားဖြတ်သဘောတူညီမှု ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၇ ရက်နေ့က ဖော်ပြထားတဲ့ 'မြန်မာ့အရေး ဖြေရှင်းရန် အရေးကြီးသော တိုးတက်မှုတချို့ ရှိနေဟု အာဆီယံ ဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါ ပြောဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့ အရေးကြီးတဲ့ တိုးတက်မှု တချို့ရှိနေတယ်လို့ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟမ်က ပြောဆိုလိုက်တဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်ကောင်စီနဲ့ NUG ကြားဖြတ်သဘောတူညီမှု ရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။