ဒီအကြောင်းအရာကို Khit Thit Mandalay ဆိုတဲ့ Youtube ချန်နယ်မှာ ဩဂုတ် ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တရုတ်နဲ့ NUG အချေအတင် ဖြစ်နေကြပြီ။ တရုတ်ရဲ့ စွက်ဖက်မှု အရေးယူပြီ။ တရုတ်ပိုက်လိုင်း ဖောက်ခွဲဖို့ အမိန့်ပေး။ တရုတ်ကြီး လေသံပြောင်းနေပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
တရုတ်ပိုက်လိုင်း ဖောက်ခွဲဖို့ NUG အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Western News သတင်းဌာနမှာ ဩဂုတ် ၂၂ ရက်နေ့က ဖြန့်ဝေထားတဲ့ 'AA နှင့် MNDAA ငြိမ်းချမ်းရေး မယူပါက ရွေးကောက်ပွဲ အပြီး အပြတ်အသတ် နှိမ်နင်းမည်ဟု ဘူးလက်လှဆွေ ပြော' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ စစ်ကောင်စီတပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီကသာ ရွေးကောက်ပွဲ အနိုင်ရခဲ့ပါက အစိုးရသစ်ဖွဲ့စည်းမှာဖြစ်ပြီး စစ်တပ်နဲ့ ပူးပေါင်းကာ AA နဲ့ MNDAA ကို အပြတ်အသတ် နှိမ်နင်းမယ်လို့ ဘူးလက်လှဆွေက သူ့ရဲ့ လူမှုကွန်ရက်မှတစ်ဆင့် ဩဂုတ်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်တယ်ဆိုတဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ တရုတ်ပိုက်လိုင်း ဖောက်ခွဲဖို့ NUG အမိန့်ပေးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Western News သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။