ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ မေလ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော်အရေးပေါ်။ ညနေ ၆ နာရီ နေပြည်တော် ဝင်စီးခံရ။ အရေးပေါ် မြေအောက်ဗုံးခိုကျင်းမှာ တူးကြပါ။ နောက်ဆုံး တစ်နိုင်ငံလုံး ထိုးစစ်စတင်ပြီ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
နေပြည်တော် ဝင်စီးခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ မေလ ၂၆ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက် ဗုံးကျဲမှုများကြောင့် မြေ အောက်ဆေးရုံ၊ ဆေးခန်းများ ထူထောင်ရန် ပြည်သူလူထုနှင့်နိုင်ငံတကာကို ဒေါက်တာဇော်ဝေစိုး အကူအညီတောင်း' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက် ဗုံးကျဲမှုတွေကြောင့် ဆေးရုံ၊ ဆေးခန်းတွေ ပျက်စီးသွားတဲ့အတွက် ဗုံးဒဏ်ခံနိုင်တဲ့ မြေအောက်ဆေးရုံ၊ ဆေးခန်းတွေ တည်ဆောက်ရေး ဝိုင်းဝန်းကူညီကြဘို့ ဒေါက်တာဇော်ဝေစိုး အကူအညီတောင်းတယ်ဆိုတဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ နေပြည်တော် ဝင်စီးခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။