ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ပုသိမ်- မုံရွာလမ်း တင့်ကား (၄) စီး ဖျက်စီးမီးရှို့လိုက်ပြီ။ တင့်ကားမောင်း အရာရှိ ၂ ဦး အရှင်ဖမ်းဆီး။ စစ်ခွေး (၁၅) သေ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ပုသိမ်- မုံရွာလမ်းမှာ စစ်ကောင်စီရဲ့ တင့်ကား (၄) စီး ဖျက်စီးမီးရှို့လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ 'ပုသိမ်-မုံရွာ လမ်းပိုင်းတွင် တင့်ကား ၄ စီးဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးအရှင်မိ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ
မကွေးတိုင်း၊ စလင်းမြို့နယ် အတွင်းကို ပုသိမ်-မုံရွာ လမ်းပိုင်းအတိုင်း တင့်ကား ၄ စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ ထိုစစ်ကြောင်းသည် ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့ နဲ့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ထောင်ထားတဲ့ မိုင်း ၅ လုံးကို နင်းမိပြီး တပ်ကြပ် ၁ ဦး အပါအ၀င် စစ်ကောင်စီ တပ်သား ၃ ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂ ရက်ဆက် တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တဲ့အတွက် တင့်ကားတွေ ရှေ့ဆက်မတိုးနိုင်တော့ဘဲ ကံပြားရွာဘက်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း' ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်ကောင်စီရဲ့ တင့်ကား (၄) စီး ဖျက်စီးမီးရှို့လိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။