ဒီအကြောင်းအရာကို Khit Thit Mandalay ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'တပ်တွင်း (၂) ခြမ်းကွဲနေပြီ။ ဒုတပ်ချုပ် အစားထိုးခန့်အပ်။ ဒုချုပ်စိုးဝင်းကို ရာထူးဖယ်ရှားပြီး ဗိုလ်ချုပ်ဇော်ဟိန်း အစားထိုးခန့်အပ်၊ တပ်တွင်း (၂) ခြမ်းကွဲကုန်ပြီ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒုချုပ်စိုးဝင်း ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဇွန်လ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ 'နောင်ချိုမြို့သို့ စစ်တပ်က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ရာတွင် စစ်မှုထမ်းတပ်သားသစ်များကို မူးယစ်ဆေးကျွေးကာ အသေခံတိုက်ခိုင်းနေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် စစ်တပ်က စစ်မှုထမ်းတပ်သား သစ်တွေကို မူးယစ်ဆေးကျွေးကာ အသေခံတိုက်ခိုင်းနေကြောင်း၊ နောင်ချိုမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားသစ်တွေနဲ့ ပြင်ဦးလွင်စစ်သင်တန်းကျောင်းမှ ကျောင်းဆင်းစစ်သားတွေကို အသုံးပြုပြီး စစ်ကြောင်း ၂ ခုနဲ့ ထိုးစစ်ဆင်နေကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ဒုချုပ်စိုးဝင်း ရာထူးက ဖယ်ရှားခံရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။