ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရုံးထုတ်လာပြီ။ ပြည်သူ့မိခင်ကြီး အသံတွေ ထွက်လာပြီ။ ပြည်သူတွေ လမ်းမပေါ် ရုပ်လုံးထွက် အော်နေကြပြီ။ နေပြည်တော် ဆွေးနွေးမှုအပြီး အရေးပေါ် ထွက်ပေါ်' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်လာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ ဧရာဝတီသတင်းဌာနမှာ ဇွန်လ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ 'ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာ၌ ထိန်းသိမ်းထား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်နဲ့ (၁၄) မိုင်အကွာ ကီလိုမီတာအားဖြင့် (၂၂ဒသမ၅) ကီလိုမီတာအကွာအဝေးတွင်ရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ ရုံးစိုက်တဲ့ နေရာမှာ လုံခြုံရေးတင်းကျပ်စွာဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရလို့ မြန်မာ့အကျဉ်းထောင်သက်သေ (MPW) အဖွဲ့အစည်းက စုံစမ်းဖော်ထုတ်ထားမှုတွေကို ထုတ်ပြန်ကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလလယ်မှာ ပူပြင်းတဲ့ နွေရာသီအပူချိန်ကြောင့်လို့ဆိုကာ နေပြည်တော်အချုပ်ထောင်မှ တိတ်တဆိတ်ခေါ်ဆောင်ပြီး မင်းအောင်လှိုင်ရုံးထိုင်တဲ့ တည်နေရာနဲ့ မကွာဝေးတဲ့ အထူးစစ်ဆင်ရေးရုံး (ကစထ ၆ )မှာ အကျဉ်းချထားခဲ့ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးထုတ်လာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။