ဒီအကြောင်းအရာကို Khit Thit Mandalay Channel ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ် ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗုံးကြဲနေတဲ့ တိုက်လေယာဉ် AA ပစ်ချလိုက်ပြီ။ မြောက်ဦးနဲ့ မင်းပြားမြို့ကို ဗုံးပတ်ကျဲနေတဲ့ လေယာဉ် ၃ စီး AA ပစ်ခတ်လိုက်ပြီ။ စစ်တွေမြို့ကို AA ဝိုင်းထားလိုက်ပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ တိုက်လေယာဉ် ၃ စီး AA ပစ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Western News သတင်းဌာနမှာ ဩဂုတ် ၂၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မင်းပြားမြို့နယ် ကျောက်ခုတ်ကျေးရွာကို စစ်ကောင်စီ ဗုံးဆက်တိုက်ကြဲနေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာကို ဩဂုတ်လ ၂၆ ရက် နေ့လယ် ၃ နာရီခန့်ကစပြီး စစ်ကောင်စီက ဗုံးဆက်တိုက်ကြဲချနေကြောင်း၊ အနည်းဆုံး ဗုံး ၃ လုံးခန့်ရှိကြောင်း နဲ့ လက်ရှိမှာ ကျောက်ခုတ် ကျေးရွာဒေသခံတွေ အိုးပစ်အိမ်ပစ် ထွက်ပြေးနေရပြီး စိုးရိမ်ကြောက်လန့်နေကြကြောင်းတွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်ကောင်စီ တိုက်လေယာဉ် ၃ စီး AA ပစ်ချလိုက်တယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Western News သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။