ဒီအကြောင်းအရာကို 'မြေ လတ် စစ်သူ' ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ ဇန်နဝါရီ ၁၀ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ BNRA ဥက္ကဋ္ဌ ဗိုလ်နဂါးရဲ့ ဓါတ်ပုံတစ်ပုံနဲ့အတူ 'BNRA ကို တပ်မတော်လက်အောက်ခံ ပုလဲ ပြည်သူ့စစ်အဖြစ်ပြောင်းလဲဖွဲ့စည်းမည်။ ဗိုလ်နဂါး' လို့ ရေးသားထားပါတယ်။
အခုဖြန့်ဝေတဲ့ အကောင့်ဟာ ဇန်နဝါရီ ၉ ရက်နေ့မှာလည်း ဗိုလ်နဂါးနဲ့ ပတ်သက်တဲ့ သတင်းမှားတစ်ပုဒ် ဖြန့်ဝေထားပြီး ဗိုလ်နဂါးရဲ့ ဓါတ်ပုံတစ်ပုံနဲ့အတူ 'ဗိုလ်နဂါး တပ်မတော်ရဲ့အရိပ်အောက်မှာလုံခြုံစွာရှိပါတယ်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
BNRA ကို တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းမယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့ အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် BNRA ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်မှာ ထုတ်ပြန်ကြေညာထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
BNRA ရဲ့ တရားဝင်ဖေစ့်ဘွတ်ပေချ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
NUG က BNRA ကို တိုက်ခိုက်ဖို့ တပ်အင်အားတွေ ပြင်ဆင်စုစည်းနေတာကို သက်သေ အတိအကျ ရရှိထားပြီး တိုက်ပွဲဖြစ်ပွားလာပါက အဆုံးစွန်ထိ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) က ဇန်နဝါရီလ ၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါကို တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြား တိုက်ခိုက်ဖို့ မူလည်းမရှိဘူး၊ ရည်ရွယ်ချက်ထဲမှာလည်း မရှိဘူး၊ ကျွန်တော်တို့ NUG က ညွှန်ကြားထားတာမျိုးလည်း မရှိပါဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ငြင်းဆိုတဲ့အကြောင်း သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဇန်နဝါရီ ၉ ရက် မနက်မှာတော့ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာရှိတဲ့ BNRA ရဲ့ အခွန်ကောက်ဂိတ်စခန်း ၂ ခုကို NUG ရဲ့ ယင်းမာပင်ခရိုင်တပ်ရင်းတွေက ဝင်ရောက် စီးနင်းခဲ့ပြီး သေနတ် ၁၀ လက် သိမ်းဆည်းသွားတဲ့အပြင် ညပိုင်းမှာလည်း BNRA တပ်ရင်း ၃ ရဲ့ စခန်းကုန်းကို ခရိုင်တပ်ရင်းတွေက စက်လက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



