ဒီအကြောင်းအရာကို Yangon Khit Thit ဆိုတဲ့ Youtube ချန်နယ်မှာ နိုဝင်ဘာ ၂၄ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြန်မာ စစ်တပ် လေယာဉ်သုံးခွင့် ပိတ်သိမ်းခဲ့ရ။ အရပ်သားတွေ ဗုံးကြဲသတ်ဖြတ်မှု အပြင်းထန်ဆုံး အရေးယူဖို့ အိမ်ဖြူတော် ကြေညာ။ မင်းအောင်လှိုင် ခြေလက်တွေ တုန်နေ' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာစစ်တပ်ကို လေယာဉ်အသုံးပြုခွင့် ပိတ်သိမ်းလိုက်တယ်လို့ အမေရိကန် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်က အမေရိကန်ရှိ တရုတ်သံရုံးနဲ့ အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင့်တဲ့ ဆန္ဒပြပွဲအကြောင်း သတင်းတွေကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒီသတင်းထဲတွေထဲမှာ မြန်မာစစ်တပ်ကို လေယာဉ်အသုံးပြုခွင့် ပိတ်သိမ်းလိုက်တယ်လို့ အမေရိကန် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
စစ်ကောင်စီရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း အိမ်ဖြူတော်နဲ့ တရုတ်သံရုံးရှေ့မှာ အမေရိကန်ရောက် မြန်မာတွေ ဆန္ဒပြတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



