ဒီအကြောင်းအရာကို Alyx_Biil ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ အောက်တိုဘာ ၂၄ ရက် ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'သံတမန်တိုက်ပွဲ စစ်ခေါင်းဆောင်ရှုံးပြီဟေ့။ ခိုင်မာသော အပြန်အလှန် ခြေလှမ်းများ။ နိုင်ငံပေါင်း(၁၈၀)ကျော် NUG ကို ထောက်ခံကြောင်း ကြေညာပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
NUG ကို ထောက်ခံကြောင်း နိုင်ငံပေါင်း ၁၈၀ ကျော် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media သတင်းဌာနမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဖော်ပြထားတဲ့ 'နိုင်ငံပေါင်း ၁၈၃ နိုင်ငံပါဝင်သော နိုင်ငံတကာပါလီမန်များအဖွဲ့ IPU က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPHကို ဆက်လက် အသိအမှတ်ပြုဟု ကြေညာဆုံးဖြတ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ရဲ့ အဓိက ဆွေးနွေးဖက် မိတ်ဖက်အဖြစ် ဆက်လက် အသိအမှတ်ပြုကြောင်း (၁၅၁)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံ၏ အမှုဆောင်ကောင်စီအစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက CRPH ကို မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားပြု အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားတာကို ဆက်လက် အတည်ပြုလိုက်တာ ဖြစ်ပြီး ဒါဟာ လွှတ်တော်အချင်းချင်း ဆွေးနွေးဖို့၊ CRPH ကို IPU ရဲ့ အစည်းအဝေးတွေကို မြန်မာကိုယ်စားပြု ဆက်လက် တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကို လူအများ စိတ်ဝင်စားဖို့ ခေါင်းစဉ်မှာ နိုင်ငံပေါင်း(၁၈၀)ကျော် NUG ကို ထောက်ခံကြောင်း ကြေညာပြီ ဆိုပြီး ရေးသားထားတာသာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို လက်တွေ့ကျပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းမှုဖြင့် ပံ့ပိုးပေးဖို့၊ ပြည်သူလူထု ကြိုးစားတောင်းဆိုနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်တည်ဆောက်နိုင်ဖို့ကို ကမ္ဘာတဝှမ်းက သိမြင်ပြီး ထိရောက်တဲ့ အကူအညီတွေ ရရှိဖို့ ဆက်လက် ကြိုးစားသွားမယ်လို့ CRPH က ထုတ်ပြန်ထားပါတယ်။
(၁၅၁) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးတွေကို ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်နေ့မှ အောက်တိုဘာ ၂၃ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ သတင်းတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



