သတင်းအတု

လီယွန်နယ် မက်ဆီက မြန်မာစစ်မှုထမ်းဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုတယ်ဆိုတဲ့ သတင်းအမှား

ကမ္ဘာကျော် ဘောလုံးကစားသမား လီယွန်နယ် မက်ဆီက မြန်မာစစ်မှုထမ်းဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုပြီး စစ်ဘေးရှောင် ပြည်သူတွေအတွက် ဒေါ်လာ သန်း ၁၅၀ လှူဒါန်းတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 23 May 2024 1:11 PM IST

လီယွန်နယ် မက်ဆီက မြန်မာစစ်မှုထမ်းဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုတယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Local Celegram ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဧပြီ ၂၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်ကျော်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ကမ္ဘာကျော်ဘောလုံးသမားမက်ဆီရဲ့ မွန်မြတ်တဲ့စိတ်ထား။ လုံးဝ မထင်မှတ်ထားတဲ့ မက်ဆီရဲ့ စိတ်ဓာတ် ကမ္ဘာကျော်သွားပြီ။ စစ်မှုထမ်းဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုပြီး စစ်ပြေးရှောင်တွေကို ဒေါ်လာသန်း ၁၅၀ လှူဒါန်းမှုကြီး' လို့ ရေးသားထားတာပါ။

ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ သုံးသိန်းနီးပါး ရှိနေပါတယ်။

ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

လီယွန်နယ် မက်ဆီက မြန်မာစစ်မှုထမ်းဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ဒေါ်လာ သန်း ၁၅၀ လှူဒါန်းတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

ဗီဒီယိုထဲမှာ နောက်ခံစကားပြောနဲ့ မက်ဆီဟာ မြန်မာပြည်သူတွေနဲ့ ရပ်တည်တဲ့အကြောင်း၊ NUG အစိုးရနဲ့ အချိတ်အဆက်မရှိပေမယ့် စစ်ဘေးရှောင်ပြည်သူတွေအတွက် ဒေါ်လာ သန်း ၁၅၀ လှူဒါန်းဖို့ ရှိတယ်ဆိုတဲ့အကြောင်းတွေကို သူ့ရဲ့ Instagram အကောင့်မှာ တင်ထားကြောင်းတွေ ပြောဆိုထားတာပါ။

လီယွန်နယ် မက်ဆီ ဒီလိုပြောဆိုထားတယ်ဆိုတဲ့အကြောင်းကို သူ့ရဲ့ Instagram အကောင့်မှာ တင်ထားတာ မရှိသလို ကမ္ဘာအရပ်ရပ်က မီဒီယာတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။

သူ့ရဲ့ Instagram အကောင့်ကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories