ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်မှာ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ICJ အပြီးသတ်အမိန့်ချပြီ။ ICJ မှာ စစ်အုပ်စု ငါးပါးမှောက်ပြီ။ ပြည်သူများအားလုံး ဒေါ် အောင်ဆန်းစုကြည်ကြောင့် အမှုလွတ်ပြီး အာဏာသိမ်းပြီး ပြည်သူကို သတ်ဖြတ်နေတဲ့ စစ်တပ် နိဂုံးချုပ်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ICJ အမှု အပြီးသတ် အမိန့်ချလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့ အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုထဲမှာ Ayeyarwaddy Times မှာ ဇန်နဝါရီ ၂၈ ရက်နေ့က ရေးသားဖော်ပြထားတဲ့ 'ICJ အမှုမှာ စစ်ခေါင်းဆောင် ကြောင့် 'ပေါက်ကွဲချင်တိုင်းပေါက်ကွဲမရ' ဟု မဘသ ဘုန်းကြီး ပြော' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ ICJ အမှု အပြီးသတ် အမိန့်ချလိုက်ပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
Ayeyarwaddy Times မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ အပေါ် တရားစွဲဆိုထားတာကို ဇန်နဝါရီ ၂၉ ရက်နေ့က နောက်ဆုံးကြားနာခဲ့တာ ဖြစ်ပေမယ့် ICJ ဘက်က အမိန့်ချနိုင်ရေးအတွက် သုံးသပ်မှုတွေ ပြုလုပ်နေပြီး အမိန့်ချမယ့်ရက်ကို ထပ်ပြီး ကြေညာပေးမယ်လို့ ဆိုပါတယ်။
နှစ်ဘက် လျှောက်ထားချက်တွေ၊ သက်သေတွေ၊ တောင်းဆိုချက်တွေ အပေါ် တရားရုံးတော်ဘက်က စတင် သုံးသပ်နေပြီလို့ ICJ က ထုတ်ပြန်ကြောင်းနဲ့ ဆုံးဖြတ်ချက် အမိန့် ချတဲ့ အခါ ရုံးတော်တွင်း သက်ဆိုင်ရာ ဘက်နှစ်ဘက်ကို ခေါ်ယူပြီး လူသိရှင်ကြား ပြုလုပ်သွားမယ်လို့ ဆိုထားတယ်လို့ ဆိုထားပါတယ်။
ကျွမ်းကျင်သူ တချို့ရဲ့ အဆိုအရ ရုံးတော်အနေနဲ့ အနည်းဆုံး လ တချို့ကြာတဲ့ ထိအောင် အချိန်ယူနိုင်တယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
BBC သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



