ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်မှာ နိုဝင်ဘာ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဘောမနေအောင် ပစ်ခတ်ခံရပြီး သေဆုံး။ စစ်တပ်ဘောမတွေ သွားရာလမ်းဟေ့။ စစ်တပ်က ပြည်သူကို သတ်ဖြတ်လည်း ထောက်ခံတယ်ဆိုတဲ့ နေအောင် ရန်ကုန်ပျောက်ကျားတပ်ဖွဲ့ အပြတ်ရှင်းလိုက်ပြီ' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မင်းသား နေအောင် စစ်တပ်ကို ထောက်ခံလို့ ရန်ကုန်ပျောက်ကျားတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ဧရာဝတီသတင်းဌာနမှာ နိုဝင်ဘာ ၁၇ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်တပ်ကျေးဇူး ဆပ်ရန်ဆိုကာ USDP အတွက် မင်းသား နေအောင် မဲဆွယ်စည်းရုံး' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ စစ်တပ် ကျောထောက်နောက်ခံပါတီ ဖြစ်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်ရေးမှာ ရုပ်ရှင်မင်းသား နေအောင် လိုက်ပါပြီး ပြည်သူတွေကို စည်းရုံးခဲ့တဲ့အကြောင်း ရေးသားထားတာပါ။
နိုဝင်ဘာ ၁၅ ရက် နံနက်က ရန်ကုန်မြို့ ဒလမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ USDP ရဲ့ မဲဆွယ်စည်းရုံးရေးအတွင်း လိုက်ပါ လာတဲ့ မင်းသား နေအောင်က “ခင်ပွန်းကြီးဆယ်ပါးကို ပြစ်မှားမိရင် ခင်ပွန်းကြီးဆယ်ပါး ဂိုဏ်းသင့်တယ်။ အဲဒီလိုပဲ ကျေးဇူးရှိတဲ့သူကို စော်ကားလို့ ရမလား။ စစ်တပ် ကောင်းတာ မကောင်းတာ ကျနော်မသိ၊ စစ်တပ်ကျေးဇူး ကျနော့်မှာ ရှိတယ်။ စစ်တပ်က ကျွေးတဲ့ပေးတဲ့ ပိုက်ဆံနဲ့ BSc ၊ MSc နှစ်ဘွဲ့ရအောင်လုပ်ခဲ့ရတာ။ ဒီစစ်တပ် ကျေးဇူးအကြောင်း မေ့လို့ရမလား။ ကျေးဇူးဆပ်ဖို့ ကျနော့်မှာ တာဝန်ရှိတယ်။ ပြည်ခိုင်ဖြိုး ဘယ်ကလာသလဲ စစ်တပ်ကပဲ လာတာပဲလေ။ ဒါကြောင့်မို့ ကျနော် လိုက်ခဲ့တယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဧရာဝတီ သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒီသတင်းထဲမှာ မင်းသား နေအောင်ကို ပစ်ခတ်ခံရပြီး သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



