အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၉ မိနစ်ခန့် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ Photoshop နဲ့ ပြုပြင်ထားတဲ့ ဓါတ်ပုံတစ်ပုံရယ်၊ သတင်းကြေညာသူ တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပြီး ဓါတ်ပုံပေါ်မှာ “ရွေးကော်ရုံးချုပ် ဗုံးခွဲခံရ။ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ သေဆုံး။ မဲစာရင်း စစ်နေတဲ့ ဝန်ထမ်း ၆၉ ဦး သေဆုံးပြီး အများအပြား ထိခိုက် ရန်ကုန်မှာ မြို့တွင်အထိ ပစ်ခတ်နေကြပြီ” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသား ဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
ရွေးကောက်ပွဲကော်မရှင် ရုံးချုပ် ဗုံးခွဲခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
ရွေးကောက်ပွဲ ကျင်းပတဲ့ရက်မှာ ဗုံးပေါက်ကွဲမှု တစ်ချို့ရှိပေမယ့် ရွေးကောက်ပွဲ ကော်မရှင် ရုံးချုပ်ကို ဗုံးခွဲတိုက်ခိုက်တဲ့ ဖြစ်စဉ် မရှိသေးပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှား ဖြန့်သူတွေက လုပ်ကြံ ရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင်ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှား ဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှား ဖြန့်ထားတဲ့ အဖွဲ့ကိုဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့ အဖွဲ့ဖြစ်တာကိုတွေ့ရပါတယ်။



