အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက ဇွန်လ ၂၈ ရက်နေ့မှာ ဖြန့်ထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၂ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ ဒီ Video ရဲ့ နောက်ခံမှာ ဦးသန်းရွှေရဲ့ ဓါတ်ပုံရယ်၊ ဦးသိန်းစိန်ရဲ့ ဓါတ်ပုံရယ်၊ မင်းအောင်လှိုင်နဲ့ တစ်ခြား စစ်ဗိုလ်တစ်ဦး ပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “တပ်ချုပ်ရာထူး လူစားထိုးခံရပြီဟေ့။ မင်းအောင်လှိုင် ပြည်ပရောက်နေချိန် သန်းရွှေနဲ့ သိန်းစိန်ပေါင်းပြီး ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို တပ်ချုပ်ရာထူးပေး” (မူရင်း ရေးသားထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်း ရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို YouTube ပေါ်မှာ ဝင်ရောက်ကြည့်ရှုထားသူ များစွာ ရှိနေပါတယ်။
သတင်းဆန်းစစ်ချက်
မင်းအောင်လှိုင်နေရာ တပ်ချုပ်ရာထူး လူစားထိုးလိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတုဖြစ်တာကို တွေ့ရပါတယ်။
မင်းအောင်လှိုင်နေရာ မည်သူ့ကိုမှ တပ်ချုပ်ရာထူး လူစားထိုးလိုက်ခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်သတင်းဌာန မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်းမရှိသလို သတင်းအမှားဖြန့်သူတင်ထားတဲ့ Video ထဲမှာလည်း မပါဝင်ပါဘူး။
သတင်းအမှားဖြန့်ထားတဲ့အဖွဲ့ကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့သတင်းတွေ ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။