သတင်းအတု

အောင်လင်းဒွေး နဲ့ ဗိုလ်ချုပ် ၉ ဦး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု

စစ်ကောင်စီဗိုလ်ချုပ် အောင်လင်းဒွေးနဲ့ တစ်ခြားဗိုလ်ချုပ် ၉ ဦး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတုတစ်ပုဒ် ထွက်ပေါ်နေပါတယ်။

By - Boom Live Myanmar | 24 Oct 2023 10:18 PM IST

အောင်လင်းဒွေး နဲ့ ဗိုလ်ချုပ် ၉ ဦး ပစ်သတ်ခံရတယ်ဆိုတဲ့ သတင်းအတု

အဆိုပါ သတင်းအတုကို YouTube ချန်နယ်တစ်ခုက အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဖြန့်ဝေထားတာ ဖြစ်ပြီး သတင်းအမှားကို ဖြန့်ဝေရာမှာ ၈ မိနစ်ကျော် ကြာမြင့်တဲ့ Video တစ်ပုဒ်နဲ့ တွဲတင်ထားတာ ဖြစ်ပါတယ်။ Video ရဲ့ နောက်ခံမှာ အရေးပေါ် လူနာတစ်ဦးပါဝင်တဲ့ ဓါတ်ပုံရယ် သတင်းကြေညာသူ တစ်ဦးပါဝင်တဲ့ ဓါတ်ပုံတွေကို အသုံးပြုထားပြီး ဓါတ်ပုံပေါ်မှာ “၂၃ ရက်နေ့ မနက်ခင်း သတင်းထူး၊ နေပြည်တော် လုံခြုံရေး ချိုးဖောက်ခံရပြီဟေ့၊ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဗိုလ်ချုပ် ၉ ဦး ပစ်သတ်ခံရ။ ရန်ကုန်ခေတ်သစ် အတည်ပြု ကြေညာလိုက်ပြီ” (မူရင်းဖော်ပြထာသည့်အတိုင်း) လို့ ရေးသားထားပါတယ်။

မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။

အဆိုပါ Video ကို ၁ ရက်အတွင်း ဝင်ရောက်ကြည့်ရှုထားသူ ၃ သောင်းခွဲ ကျော် ရှိနေပါတယ်။

သတင်းဆန်းစစ်ချက်

စစ်ကောင်စီဗိုလ်ချုပ် အောင်လင်းဒွေးနဲ့ တစ်ခြားဗိုလ်ချုပ် ၉ ဦး ပစ်သတ်ခံရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။

နေပြည်တော်မှာ စစ်ကောင်စီဗိုလ်ချုပ် အောင်လင်းဒွေးလည်း ပစ်သတ်ခံရခြင်း မရှိသလို တစ်ခြားမည်သည့် ဗိုလ်ချုပ်ကမှ ပစ်သတ်ခံရခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ သတင်းအမှားဖြန့်သူတွေက လုပ်ကြံရေးသားထားခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒီအကြောင်းအရာကို မည်သည့်ဌာန၊ မည်သည့်အဖွဲ့အစည်းမှာမှ ဖော်ပြထားခြင်း မရှိသလို သတင်းအမှားဖြန့်သူတွေ တင်ထားတဲ့ Video အတွင်းမှာလည်း ဒီအကြောင်းအရာ မပါဝင်ပါဘူး။ Video အတွင်းမှာ တစ်ခြားသတင်းအကြောင်းအရာတွေ တစ်ခြား သတင်းတွေကိုသာ ဖော်ပြထားပါတယ်။

သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့ကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ ဝင်ရောက်ကြည့်ရှုသူများအောင် သတင်းခေါင်းစဉ်တွေမှာ လိမ်ညာရေးသားထားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန် ရအောင်ပြုလုပ်ထားတဲ့ Click baits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။

Tags:

Related Stories