အဆိုပါ သတင်းအတုကို China Daily News အမည်နဲ့ Facebook account တစ်ခုက နိုဝင်ဘာလ ၁၀ ရက်နေ့မှာ လူမှုကွန်ယက်တွေပေါ် ဖြန့်ထားတာ ဖြစ်ပြီး အာရက္ခတပ်တော် AA က စစ်ဦးစီးချုပ်က အစ္စလာမ် ဘာသာဝင်တွေကို လက်ဆွဲနုတ်ဆက်နေတဲ့ ဓါတ်ပုံကို အသုံးပြုထားပြီး “OIC ကပိုက်ဆံယူပြီးရခိုင်ပြည်ကိုဘင်္ဂလီပြည်ဖြစ်အောင်လုပ်မယ်လို့ရခီးတပ်က ထွီးမြတ်နိုင်ကတိပေးထား” (အသုံးအနှုန်း မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားကာ AA စစ်ဦးစီးချုပ်က OIC ထံက ရတဲ့ ပိုက်ဆံနဲ့ ဆွစ်ဇာလန်မှာ အိမ်ဝယ်ထားကြောင်း၊ ကားဝယ်ဖို့ ပိုက်ဆံ နောက်ထပ်တောင်းထားကြောင်း ထပ်မံရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တစ်ခြား Facebook အကောင့်တွေကပါ ထပ်ဆင့် ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
AA က OIC ထံက ပိုက်ဆံယူထားတယ်လို့ လူမျိုးရေး သွေးထိုးလှုံ့ဆော်ထားတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံ ရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
AA ဟာ ရခိုင်ပြည်အတွင်းမှာ အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ ဓါတ်ပုံတွေ ပွဲအခမ်းအနား ကျင်းပတဲ့ ဓါတ်ပုံတွေကို ထုတ်ပြန်လေ့ရှိပြီး တစ်ဖက်မှာလည်း ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ကြားမှာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ ပြုလုပ်ထားတယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ကြုံနေရပါတယ်။
AA အနေနဲ့တော့ နိုင်ငံတကာမှာ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်တယ်ဆိုတဲ့ စွတ်စွဲချက်တွေ ခံနေရပြီး OIC နဲ့ ပတ်သက်နေခြင်း မရှိပါဘူး။ ဒီအကြောင်းအရာဟာ လူမျိုးရေး သွေးထိုးလှုံ့ဆော်ဖို့ ဖြန့်ထားခြင်း သက်သက်သာ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေအပြင် မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။



