အဆိုပါ သတင်းအတုကို ဟိန်းဇာနည် အမည်နဲ့ Facebook account တစ်ခုက နိုဝင်ဘာလ ၉ ရက်နေ့ ညပိုင်းမှာ လူမှုကွန်ယက်တွေပေါ် ဖြန့်ထားတာ ဖြစ်ပြီး အာရက္ခတပ်တော် AA က အထိနာနေလို့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းပြီလို့ ဖြန့်ထားပါတယ်။ နောက်ထပ် Sar Toke ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်တစ်ခုကလည်း “AA အထိနာနေလို့ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းပြီ။ ရခိုင် ၄ မြို့ နယ် ပြန်ပေးမည်ဟု သတင်း ထွက်ပေါ်” (အသုံးအနှုန်း မူရင်း ဖော်ပြထားသည့်အတိုင်း) လို့ ရေးသားထားပါတယ်။
မူရင်းရေးသားဖြန့်ဝေမှုကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ပါ။
အဆိုပါ သတင်းအတုကို တစ်ခြား Facebook အကောင့်တွေကပါ ထပ်ဆင့် ဖြန့်ဝေထားကြပါတယ်။
သတင်းဆန်းစစ်ချက်
အာရက္ခတပ်တော် AA က အထိနာနေလို့ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ကမ်းလှမ်းပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံ ရေးသားထားတဲ့ ဝါဒဖြန့် သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် AA ကြောင့် အထိနာခဲ့ပြီး ရခိုင်ပြည်ထဲက အဓိကမြို့ကြီးတွေ လက်လွတ်ဆုံးရှုံးခဲ့ရပါတယ်။ စစ်ကောင်စီဟာ မကြာသေးမီ ရက်ပိုင်းတွေကလည်း ရှမ်းမြောက်က TNLA သိမ်းယူထားတဲ့ နယ်မြေတွေကို တရုတ်ကတဆင့် ပြန်တောင်းယူခဲ့ပြီး ပြန်လည်ရရှိခဲ့ပါတယ်။
ဒီရက်ပိုင်းမှာ အလားတူပဲ AA က သိမ်းယူထားတဲ့ မြို့တွေကို တရုတ်ကတဆင့် ပြန်တောင်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ စစ်တပ်က နယ်မြေတွေ ပြန်တောင်းတယ်လို့ သတင်းထွက်နေပေမယ့် ကျောက်ဖြူမှာ ဆက်လက် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ စစ်ကြောင်း အထိနာနေတယ်လို့ ဒေသတွင်း သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီက ရခိုင်က မြို့ ၄ မြို့ တရုတ်က တဆင့် ပြန်တောင်းတယ်ဆိုတဲ့ သတင်းကို ဒီနေရာမှာ ဖတ်ပါ။
လက်ရှိအချိန်ထိ စစ်ကောင်စီက မြို့ ၄ မြို့ ပြန်တောင်းတယ်ဆိုတဲ့ သတင်းသာ ထွက်ပေါ်နေပြီး AA ဘက်က တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ သတင်းတွေ မရှိသေးသလို AA ဘက်က စစ်ရေးအရ အထိနာနေခြင်းလည်း မရှိသေးပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ အဖွဲ့တွေကို ဝင်ရောက် စစ်ဆေးကြည့်တဲ့အခါ စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေအပြင် မည်သူမည်ဝါမှန်း ဖော်ပြထားခြင်း မရှိတဲ့ ဖေ့စ်ဘွတ်အကောင့်တုတွေ ဖြစ်တာကို တွေ့ရပါတယ်။



