ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Sophal Media ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မင်းအောင်လှိုင်သား ပါသွားပြီ။ ရန်ကုန်အခြေအနေ ထိမ်းမရတော့ဘူး' လို့ ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သား၊ အောင်ပြည့်စုံကို တော်လှန်ရေးတပ်တွေ ရန်ကုန်လေဆိပ်မှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်လို့ သေဆုံးသွားပြီဆိုပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ခေါင်းဆောင်သား သေဆုံးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုထဲမှာ နောက်ခံစကားပြောနဲ့ ပြောဆိုထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သား၊ အောင်ပြည့်စုံကို တော်လှန်ရေးတပ်တွေ ရန်ကုန်လေဆိပ်မှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်လို့ သေဆုံးသွားပြီဆိုတဲ့ အကြောင်းအရာကို တော်လှန်ရေးအဖွဲ့အစည်းတွေက ထုတ်ပြန်ထားတာ မရှိသလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



