ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်မှာ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုနဲ့ ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မြစ်ကြီးနားလေတပ် KIA သိမ်းပိုက်။ လေယာဉ် ၅ စီး ပျက်စီးပြီး ၂ စီး သိမ်းပိုက်ရရှိ။ ခရစ္စမတ်နေ့ KIA က မြစ်ကြီးနား လေတပ် စခန်းကို အငိုက်ဖမ်း တိုက်ခိုက် စစ်တပ် ဗိုလ်မှူး ၃ ဦးနဲ့ စစ်သည် ၁၀၈ ဦး အဖမ်းခံရ သေဆုံးသူများ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြစ်ကြီးနားလေတပ် KIA သိမ်းပိုက်လိုက်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဗီဒီယိုထဲမှာ Khit Thit Media သတင်းဌာနမှာ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရေးသားဖော်ပြထားတဲ့ 'မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်မှု ရဟတ်ယာဉ် ၁ စီးနှင့် တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီး၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် KIA ၏ထိုးစစ်အားလုံး ပြန်စတင်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာသာ ဖြစ်ပါတယ်။
သတင်းထဲမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ၁ စီးနဲ့ တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးသွားတယ်ဆိုတဲ့ အကြောင်းကို ရေးသားထားတာပါ။
သတင်းထဲမှာ မြစ်ကြီးနားလေတပ် KIA သိမ်းပိုက်လိုက်တယ်ဆိုတဲ့ အကြောင်းအရာမပါဝင်သလို လေယာဉ် ၅ စီး ပျက်စီးပြီး ၂ စီး သိမ်းပိုက်ရရှိတယ်ဆိုတဲ့ အကြောင်းအရာလည်း မပါဝင်ပါဘူး။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



