ဒီအကြောင်းအရာကို Levi Sap Nei Thang ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်ကနေ ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိပါတယ်။
ဖြန့်ဝေရာမှာ အီရန်ဦးသျှောင် ခါမေနီရဲ့ ဓါတ်ပုံကို အသုံးပြုပြီး 'အီရန် အီစလမ်မစ် ခေါင်းဆောင် အီရန်ကနေ ထွက်ပြေးသွားပြီ' လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ခါမေနီ အီရန်နိုင်ငံကနေ ထွက်ပြေးသွားပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ခါမေနီဟ ဇန်နဝါရီလ ၉ ရက် (သောကြာနေ့) က တီဟီရန်မြို့ရှိ ၎င်း၏နေအိမ်ဝင်းအတွင်းကနေ လူထုကို မိန့်ခွန်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံတွေမှာ ဖော်ပြခဲ့ပြီး သူက ဆန္ဒပြပွဲတွေကို အလျှော့ပေး နောက်ဆုတ်မှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောကြားထားပါတယ်။
သူ့ရဲ့ မိန့်ခွန်းထဲမှာ မနေ့ညက တီဟီရန်မှာ လူရမ်းကားတစုက အမေရိကန်သမ္မတ အကြိုက်တွေ့စေဖို့ သူတို့ကိုယ်တိုင် ပိုင်ဆိုင်တဲ့ အဆောက်အအုံကို လာရောက်ဖျက်ဆီးခဲ့ကြကြောင်း၊ အစ္စလာမ္မစ် သမ္မတနိုင်ငံက ဂုဏ်သိက္ခာရှိတဲ့ ပြည်သူ သိန်းနဲ့ချီရဲ့ သွေးတွေနဲ့ အာဏာရလာခဲ့တာကို လူတိုင်း သိကြကြောင်း၊ ဒါကြောင့် ဖျက်ဆီးလိုသူတွေရဲ့ ရှေ့မှာ ကျွန်ုပ်တို့ နောက်ဆုတ် အလျှော့ပေးမှာ မဟုတ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် အီရန်ဦးသျှောင် အယာတိုလာ အလီ ခါမေနီ အီရန်နိုင်ငံကနေ ထွက်ပြေးသွားတယ် ဆိုတဲ့ အကြောင်းအရာကို ယုံကြည်စိတ်ချရတဲ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
အီရန်မှာ ရီယယ်ငွေကြေးယူနစ် တန်ဖိုး အလွန်အမင်း ကျဆင်းလာခြင်းကို မကျေနပ်ရာက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက စတင်ပြီး လူထုအုံကြွမှုတွေ ဖြစ်ပွားလာတာပါ။ နောက်ပိုင်းမှာ ဘာသာရေး ခေါင်းဆောင်တွေ အုပ်စိုးတဲ့ အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုကြီးအသွင် ပြောင်းလဲလာပြီး နိုင်ငံအနှံ့က မြို့ကြီးတွေဆီကိုပါ ပျံ့နှံ့ကူးစက်သွားတာပါ။
ဇန်နဝါရီ ၈ ရက်နေ့မှာတော့ မြို့တော် တဟီရန်နဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေရာ တခြားမြို့ကြီးတွေမှာ အင်တာနက် ကွန်ရက်တွေနဲ့ ဖုန်းလိုင်းတွေကို အာဏာပိုင်တွေက စတင် ဖြတ်တောက်ပြီး အရှိန်မြင့်တက်လာတဲ့ ဆန္ဒပြပွဲတွေကို တားဆီးဖို့ ကြိုးစားပါတယ်။
တစ်ဖက်မှာလည်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေက အင်အားသုံး ဖြိုခွင်းမှုတွေ ပြုလုပ်တဲ့အတွက် အနည်းဆုံး လူ ၁၉၂ ဦးသေဆုံးခဲ့ရပြီးပြီလို့ နော်ဝေအခြေစိုက် အီရန် လူ့အခွင့်အရေးအဖွဲ့က ပြောကြားတယ်ဆိုပြီး AFP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အမေရိကန်အခြေစိုက် အီရန်လူ့အခွင့်အရေးဗဟိုဌာန (CHRI) ကလည်း ယုံကြည်နိုင်လောက်တဲ့ သတင်းတွေ အရ အင်တာနက် စတင်ပိတ်ပင်လိုက်ကတည်းက အီရန်နိုင်ငံတဝှမ်းမှာ ဆန္ဒပြသူ ရာပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရတယ်လို့ ပြောထားပါတယ်။



