ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ NT Primitive ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၂၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂၇ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ICJ အမိန့်ချပြီဟေ့၊စစ်ဗိုလ်ချုပ်တွေပွတ်လောရိုက်ပြီဟေ့တနိုင်ငံလုံးထူးပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာနိုင်ငံ အပေါ် ရိုဟင်ဂျာဂျီနိုဆိုက်အမှုနဲ့ တရားစွဲထားမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ က အပြီးသတ် အမိန့်ချလိုက်ပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၂ ရက်က Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ “အာဂျင်တီးနား ဖမ်းဝရမ်းစာရင်းမှာ နိုင်ငံတော်အကြီးအကဲ ၂ ဦး ဘယ်လိုပါဝင်နေတာလဲ” ဆိုတဲ့ Burmese Rohingya Organization အဖွဲ့က ဦးထွန်းခင်နဲ့ အင်တာဗျုးကို ထည့်သွင်းပြီး သတင်းမှားဖြန့်ဝေထားတာ ဖြစ်ပါတယ်။
Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ အင်တာဗျူးကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံ အပေါ် တရားစွဲဆိုထားတာကို ဇန်နဝါရီ ၂၉ ရက်နေ့က နောက်ဆုံးကြားနာခဲ့တာ ဖြစ်ပေမယ့် ICJ ဘက်က အမိန့်ချနိုင်ရေးအတွက် သုံးသပ်မှုတွေ ပြုလုပ်နေပြီး အမိန့်ချမယ့်ရက်ကို ထပ်ပြီး ကြေညာပေးမယ်လို့ ဆိုပါတယ်။
နှစ်ဘက် လျှောက်ထားချက်တွေ၊ သက်သေတွေ၊ တောင်းဆိုချက်တွေ အပေါ် တရားရုံးတော်ဘက်က စတင် သုံးသပ်နေပြီလို့ ICJ က ထုတ်ပြန်ကြောင်းနဲ့ ဆုံးဖြတ်ချက် အမိန့် ချတဲ့ အခါ ရုံးတော်တွင်း သက်ဆိုင်ရာ ဘက်နှစ်ဘက်ကို ခေါ်ယူပြီး လူသိရှင်ကြား ပြုလုပ်သွားမယ်လို့ ဆိုထားတယ်လို့ ဆိုထားပါတယ်။
ကျွမ်းကျင်သူ တချို့ရဲ့ အဆိုအရ ရုံးတော်အနေနဲ့ အနည်းဆုံး လ တချို့ကြာတဲ့ ထိအောင် အချိန်ယူနိုင်တယ်လို့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



