ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Sou Daily ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၁၈ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၃ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'မနက်ဖန် ၁၉ ရက်နေ့၀င်တိုက်မယ့် အပူပိုင်း မုန်တိုင်းကြီး အနီရောင်အဆင့် တနိုင်ငံလုံး အမြန်ပြင်ဆင်ကြပါ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြန်မာနိုင်ငံကို အပူပိုင်း မုန်တိုင်းကြီး ဝင်မယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ ၂၀၂၃ ခုနှစ် မေလအတွင်းက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း မိုခါတိုက်ခတ်စဉ်က အချက်အလက်တွေနဲ့ ပုံတွေကို အသုံးပြုပြီး နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
ဒီလို မုန်တိုင်းသတင်းမှားတွေနဲ့ ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ ထစ်ချုန်းမယ့် အခြေအနေတွေ ရှိလာနိုင်ပေမယ့် လေဖိအားနည်းရပ်ဝန်းဟာ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ထိ ရောက်လာနိုင်ဘို့မရှိဘူးလို့ သူ့ရဲ့ ဖေစ့်ဘွတ်မှာ ဖေဖေါ်ဝါရီ ၁၈ ရက် ညပိုင်းမှာ ပိုစ့်တင် သတိပေးထားပါတယ်။
မိုးလေဝသပညာရှင် ဦးဝင်းနိုင်ရဲ့ ဖေစ့်ဘွတ်ပိုစ့်ကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



