ဒီအကြောင်းအရာကို Aung Min Oo ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ စတင် ဖြန့်ဝေခဲ့တာဖြစ်ပြီး ၈ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ 'ကယ်ဆယ်ရေးတွေ အရမ်းလိုအပ်နေတဲ့ အလောင်းထည့်တဲ့အဝတ် ရေကျပြီးတဲ့နောက်ပိုင်းမှာ တွေ့ရှိတာ အများကြီး။ ဒါတောင်သိပ်မသေချာသေး ရေမျောလာတာရယ် အိမ်ထဲမှတံခါးပိတ်ပြီးတော့ ဆုံးသွားတာရယ်'။ 'ဟတ်ယိုင်မှာ ရေကျပြီးသွားတဲ့ နောက်ပိုင်း အလောင်းအများကြီးတွေ့ရှိ။ ၁ ရာလောက် ရှိတယ်တဲ့ဗျာ' လို့ ရေးသားထားတာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ထိုင်းတောင်ပိုင်း ဟတ်ယိုင်မြို့ ရေပြန်ကျချိန် အလောင်း တစ်ရာလောက် တွေ့ရှိတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံရေးသားထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်က စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းပြီး ရေမြင့်တက်လာတဲ့အတွက် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရိုင် ၁၀ ခုအတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ထိုင်း နိုင်ငံအခြေစိုက် သတင်းဌာနဖြစ်တဲ့ Bangkok Post သတင်းမှာ နိုင်ဝင်ဘာ ၂၇ ရက် ည ၇ နာရီ ဝန်းကျင် ထုတ်ပြန်တဲ့ သတင်းအရ ရေကြီးမှုဖြစ်စဉ်အတွင်း သေဆုံးသူ ၅၅ ဦး အထိ ရှိခဲ့တယ်လို့ ထိုင်းအစိုးရက ထုတ်ပြန်တယ်လို့ ဖော်ပြ ထားပါတယ်။
Bangkok Post သတင်းမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေးဌာန (DDPM) ရဲ့ နိုဝင်ဘာ ၂၇ ရက် မနက် ၆ နာရီ အတည်ပြု ထုတ်ပြန်ချက်မှာတော့ ထိုင်းတောင်ပိုင်း ၉ ခရိုင်မှာ ရေကြီးမှုကြောင့် ၁၀၅ မြို့နယ် ၇၀၈ အုပ်စု ရပ်ကွက်/ကျေးရွာပေါင်း ၅၂၄၃ က အိမ်ထောင်စုပေါင်း ၁,၀၇၈, ၆၁၇ စု လူပေါင်း ၂,၉၅၃, ၂၀၆ ဦး ရေဘေးသင့်ခဲ့ပြီး၊ သေဆုံးသူ ၂၅ ဦးရှိတယ်လို့ ဆိုထားပါတယ်။



