ဒီအကြောင်းအရာကို Yangon Khit Thit News ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၁၇ ရက်နေ့က စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ရှီကျင့်ဖျင် ရာဇသံပေးပြီ။ ဖားကန့်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စစ်တပ်က လက်နက်ကြီးများ ပစ်ခတ်ရာ တရုတ်လူမျိုး ၁ဝဝကျော် ထိခိုက်သေဆုံးမှုဖြစ်ပွား' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဖားကန့်မှာ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် တရုတ်လူမျိုး ရာကျော်သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ Khit Thit Media သတင်းဌာနမှာ စက်တင်ဘာ ၁၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'ဖားကန့်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး စစ်တပ်က အင်အားဖြည့်တင်းလာသည့်အပြင် မြို့ပတ်ဝန်းကျင်ကျေးရွာများကိုလည်း စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့ အကြမ်းဖက်စစ်တပ်က အင်အား ဖြည့်တင်းကာ မြို့အနီးပတ်ဝန်းကျင်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကြောင်း၊ စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်း ကာမိုင်းမှ တဆင့် ဖားကန့်မြို့ကို စစ်ကား ၈ စီးနဲ့ စစ်ကြောင်းတစ်ခု ကင်းပုန်းအထပ်ထပ်ယူပြီး တက်လာခဲ့ရာ ညဦးပိုင်းမှာ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ ရောက် ရှိခဲ့ကြောင်း၊ လက်ရှိအချိန်မှာ ဖားကန့်မြို့ရှိ လက်ကျန်အင်အားနှင့် ထပ်မံဖြည့်တင်းထားတဲ့ ပေါင်းပါက စစ်သားဦးရေ ၁၀၀၀ ဝန်းကျင်ရှိကြောင်း တွေ ရေးသားထားတာပါ။
ဒီသတင်းထဲမှာ စစ်တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် တရုတ်လူမျိုး ရာကျော်သေဆုံးတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media သတင်းဌာနမှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။