ဒီအကြောင်းအရာ ကိုGavin Official ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ မတ်လ ၁၂ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ AI နည်းပညာနဲ့ ဖန်တီးထားတဲ့ အမေရိကန်နဲ့ အီရန်ခေါင်းဆောင်တွေ ပါတဲ့ ကြာချိန် ၅ မိနစ်နီးပါးရှိ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အခြေဆိုးကုန်ပြီ မြောက်ကိုးရီးယား က အီရန် ကို နျူကလီးယား ပေးဖို့လုပ်တဲ့ကိစ္စ အမေရိကန် ဒဲ့မိပြီ' လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဗီဒီယိုထဲမှာလည်း 'မြောက်ကိုရီးယားထုတ် နျူကလီးယားလက်နက် အီရန်မရခင် သုံးရက်တွင် အမေရိကန်က လက်ဦးခဲ့လို့ အခုလို အောင်မြင်မှုရခဲ့တဲ့ ကမ္ဘာကြီး အဆုံးသတ်ကို တားနိုင်ခဲ့တယ်ဟု ဒေါ်နယ်ထရန့်က ပြောလာပါတယ်' ဆိုပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
မြောက်ကိုရီးယားက အီရန်ကို နျူကလီးယား ပေးဖို့လုပ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဒီအကြောင်းအရာကို ကမ္ဘာတဝမ်းက သတင်းမီဒီယာတွေမှာ ဖော်ပြထားတာမရှိသလို အမေရိကန် အပါအဝင် သက်ဆိုင်ရာ နိုင်ငံတွေကလည်း သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့က အီရန်ရဲ့ နျူကလီးယား စီမံကိန်း အပါအဝင် နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေကို အစ္စရေးစစ်တပ် (IDF) က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါသေးတယ်။
အီရန်ကို စတင်တိုက်ခိုက်ခဲ့တဲ့ နေ့ကတည်းက အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့ရဲ့ စစ်ဆင်ရေး ရည်မှန်းချက်တွေထဲက တစ်ခုဟာ အီရန်မှာ နျူကလီးယားဗုံးတစ်လုံး ပိုင်ဆိုင်မလာအောင် တားဆီးဖို့ဖြစ်တယ်လို့ ပြောထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



