ဒီအကြောင်းအရာကို Khit Thit Mandalay ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ် ၁၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အိုးဘိုထောင် ဗုံးကြဲမှု (၄၂) နိုင်ငံ ကြားဝင်လာပြီ။ အိုးဘိုထောင် ရက်ရက်စက်စက် ဗုံးကြဲမှု နိုင်ငံတကာ ကြားဝင်လာပြီ။ စစ်အုပ်စု ထွက်ပေါက်မဲ့ပြီ' လို့ ရေးသားထား တာပါ။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အိုးဘိုထောင် ဗုံးကြဲမှု နိုင်ငံတကာ ကြားဝင်လာပြီဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ Khit Thit Media မှာ ဩဂုတ် ၁၇ ရက်နေ့က ဖြန့်ဝေထားတဲ့ 'စစ်တပ်က ကျူးလွန်ထားသည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ဖုံးကွယ်ရန်အတွက် AA ကို လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ဟု အချိန်ကိုက် စွပ်စွဲဟု ခိုင်သုခ တုံ့ပြန်လိုက်ပြီး အမှန်တရားအပေါ် ရပ်တည်ပြီး ဖော်ထုတ်တိုက်ပွဲဝင်မည်ဟုဆို' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ အိုးဘိုထောင် ဗုံးကြဲမှု နိုင်ငံတကာ ကြားဝင်လာပြီဆိုတဲ့ အကြောင်းအရာ မပါဝင်သလို တခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြထားတာ မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်ရှိ အမျိုးသားအဆောင် ဒရုန်းဖြင့် ဗုံးကြဲခံရတဲ့အတွက် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး ပွဲချင်းပြီးသေဆုံးတယ်ဆိုတဲ့အကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ထားပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။