ဒီအကြောင်းအရာကို Mandalay khitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန်၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'အကျဉ်းသား ၂၀၀၀၀ ခန့် လွတ်ငြိမ်းရ။ အမေစုမွေးနေ့ လုံးဝထူးပြီ။ မိသားစုတွေ ပြန်စုံနေကြပြီ' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဖြန့်ဝေပြီး ၃ နာရီအတွင်း ဝင်ရောက်ကြည့်ရှု့သူ တစ်သောင်းခွဲနီးပါး ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အကျဉ်းသားနှစ်သောင်းခန့် လွတ်ငြိမ်းခွင့်ရတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring မီဒီယာမှာ ဇွန်လ ၁၈ ရက်နေ့က ဖော်ပြထားတဲ့ 'ဒေါ်အောင်ဆန်းစုကြည်အသက် ၈၀နှစ်ပြည့်အတွက် ကာကွယ်ရေးဝန်ကြီးနှင့် PDF များ မွေးနေ့ဆုတောင်း စကားပြောကြား' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)နှစ်ပြည့် မွေးနေ့ဆုတောင်းစကားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးရည်မွန်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေက ဆုတောင်းစကား ပြောကြားမှုတွေ ပြုလုပ်ခဲ့ကြကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ အကျဉ်းသားနှစ်သောင်းခန့် လွတ်ငြိမ်းခွင့်ရတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People's Spring မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။