ဒီအကြောင်းအရာကို Aung Myat Thu ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကနေ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီ ဝန်းကျင်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ၃ နာရီအတွင်း ထပ်ဆင့်ဖြန့်ဝေသူ သုံးထောင်နီးပါး ရှိနေပါတယ်။
ဖြန့်ဝေရာမှာ 'အခိုးခံရသူက ဂျေးထဲမှာ…သူခိုးက အိမ်မှာ မိန့်မိန့်ကြီး ထိုင်ပြီး အလှူငွေ လက်ခံနေတယ်။ ပြီးတော့ သူခိုးနဲ့ ကလေးက သားအမိ မဟုတ်ဘူးတဲ့။ တူမ နှစ်ဝမ်းကွဲရဲ့ ကလေးကို ငှါးထားတာတဲ့…ကဲ။ ငါရီမယ်လို့ ကြိုပြောထားတယ် အခု ရီပြီနော်…စောက်တလွဲတွေ… ခွီးးး' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ရိုက်နှက်သူ စတိုးဆိုင်ပိုင်ရှင် တစ်ဦးသာ အဖမ်းခံနေရတယ်ဆိုပြီး ဖြန့်ဝေနေတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ ဖြစ်စဉ်ကို သေချာမစုံစမ်းပဲ စိတ်ကူးနဲ့ လုပ်ကြံရေးသား ဖြန့်ဝေထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက Tik Tok လူမှုကွန်ရက်ပေါ်မှာ စတင်ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ ကလေးချီထားတဲ့ အမျိုးသမီးတစ်ဦးကို ဆိုင်ရှင်လို့ ယူဆရသူ အမျိုးသမီးက ဆိုင်အတွင်းမှာ သူခိုးလို့ ပြောဆိုရိုက်နှက်တာ၊ ကလေးဖြစ်သူကို တွန်းထုတ်တာ၊ လမ်းဘေးဓာတ်တိုင် နေပူထဲမှာ ကလေးနဲ့ ကလေးချီထားသူ အမျိုးသမီး နှစ်ဦးလုံးကို ကြိုးချည်ထားတာတွေ ပြုလုပ်ဖို့ ပြောဆို ပြုမူနေတဲ့ အတွက် ဝိုင်းဝန်းဝေဖန်မှုတွေ ရှိလာပါတယ်။
အဆိုပါ ဖြစ်စဉ်ဟာ လှိုင်သာယာမြို့နယ်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ တွယ်တာသူ အထည်နှင့်စတိုးဆိုင်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ဒီနေ့ အောက်တိုဘာ မနက်ပိုင်းမှာ ရိုက်နှက်မှု ပြုလုပ်တဲ့ စတိုးဆိုင်ပိုင်ရှင်ကို လှိုင်သာယာမြို့မရဲစခန်းက လာရောက် ခေါ်ဆောင် သွားတဲ့အကြောင်း သတင်းတွေ ထွက်လာပါတယ်။
ဒီလို သတင်းတွေ ထွက်လာတဲ့အပေါ် အချို့က သေချာ မစုံစမ်း မစိစစ်ပဲ လူမှုမီဒီယာပေါ်မှာ Like၊ Share နဲ့ Comment ရဖို့ သူ့ထက်ငါ အလုအယက် ပြစ်တင် ဖြန့်ဝေနေတာပါ။
ဒီဖြစ်စဉ်မှာ ပါဝင်သူ နှစ်ဦး နှစ်ဘက်လုံးကို ရဲအဖွဲ့က ဖမ်းထားတယ်လို့ ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းထဲမှာ လှိုင်သာယာမြို့နယ်ရှိ စတိုးဆိုင်ဖြစ်စဉ်မှာ ပါဝင်တဲ့ ရိုက်နှက်ခံရသူ အမျိုးသမီးတဦးနှင့် ကလေးငယ် တဦး၊ ရိုက်နှက်သူ ဆိုင်ပိုင်ရှင် အမျိုးသမီးတို့ နှစ်ဖက်လုံးကို ရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရေးသားဖော်ပြထားပါတယ်။
ရိုက်နှက်ခံရသူ အမျိုးသမီးဟာ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ ကလေးနှစ်ဦး မိခင်ဖြစ်ပြီး မိသားစုစားဝတ် နေရေးအတွက် တောင်းရမ်း စားသောက်နေသူဖြစ်တယ်လို့ ဒေသခံများက ပြောကြောင်း၊ အရိုက်ခံရစဉ် ဗီဒီယိုထဲမှာ ပြောဆိုခဲ့တဲ့ ကလေးတယောက်က နေမကောင်းလို့ ဆေးထိုးနေရတယ်ဆိုတာလည်း မှန်ကန်ကြောင်း၊ အဆိုပါ ကလေးမှာ ပိုလီယိုဖြစ်ကြောင်း၊ အမျိုးသားလည်း မရှိတော့ဘူးလို့ လှိုင်သာယာဒေသခံက ပြောတဲ့အကြောင်း ရေးသားဖော်ပြထားပါတယ်။
Mizzima သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။



