ဒီအကြောင်းအရာကို သတင်းမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Shwe Thit ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗိုလ်နဂါးရဲ့ လက်နက်ချမှု သတင်းမှားနဲ့ KNU နယ်မြေက ကြားနေရတဲ့သတင်းစကားများ' လို့ ရေးသားထားပါတယ်။
ဗီဒီယိုထဲမှာလည်း BNRA ခေါင်းဆောင် ဗိုလ်နဂါးတစ်ယောက် စစ်တပ်နဲ့ ပူးပေါင်းပြီး လက်နက်ချသွားပြီဆိုတဲ့ သတင်းတွေဟာ တကယ်တမ်းမှာ စစ်တပ်ဘက်ကနေ AI နည်းပညာတွေ သုံးပြီးတော့ စနစ်တကျလုပ်ကြံဖန်တီးထားတဲ့ ဝါဒဖြန့်မှုပဲ ဖြစ်တယ်ဆိုပြီး နောက်ခံစကားပြောနဲ့ ပြောဆိုထားပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ဗိုလ်နဂါး စစ်တပ်ဆီမှာ လက်နက်ချသွားတဲ့ ပုံတွေဟာ AI နည်းပညာနဲ့ ဖန်တီးထားတာဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက် စစ်ဆေးကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ခေါင်းဆောင် ဗိုလ်နဂါးဟာ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၄ နာရီ ၅၀ ခန့်က မိသားစုနဲ့အတူ ပုလဲမြို့နယ်ရှိ စစ်စခန်းတခုမှာ လက်နက်ချသွားတာ ဖြစ်ပါတယ်။
ဒီသတင်းကို စစ်တပ်ဘက်ကတင် မက အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ သတင်းထုတ်ပြန်ပြီး ဖြစ်ပါတယ်။
NUG လက်အောက်ခံ PDF ခရိုင်တပ်ရင်းတပ်ဖွဲ့တွေက BNRA ဂိတ်စခန်းတွေကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဝင်ရောက်စီးနင်းပြီး နောက်တစ်ရက်မှာ ဗိုလ်နဂါးကို စစ်တပ်က ရဟတ်ယာဉ်နှင့် ကယ်ထုတ်သွားပြီးနောက် BNRA ထိပ်ပိုင်းခေါင်းဆောင်တွေ ဖြစ်တဲ့ ဒုတိယဥက္ကဋ္ဌနဲ့ စစ်ရေးတာဝန်ခံ အပါအဝင် တပ်ဖွဲ့ဝင် ငါးဦးလည်း စစ်တပ်ထံ ဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။
လက်ရှိမှာ ဗိုလ်နဂါးအပါအဝင် BNRA တပ်ဖွဲ့ဝင်တွေကို သက်ငယ်မုဒိမ်းမှု၊ PDF တပ်ဖွဲ့ဝင်တွေကို သတ်ဖြတ်မှု၊ ပကဖ ရဲဘော်တွေကို နှိပ်စက်ညှဉ်းပန်းမှု အပါအဝင် အမှု ခုနစ်မှုနဲ့ တရားစွဲဆိုထားကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အခုဖြန့်ဝေနေတာတွေဟာ သတင်းအမှားတွေပဲ ဖြစ်ပါတယ်။



