သတင်းအတု

အမေရိကန်စစ်ကူတွေ မြန်မာနိုင်ငံကို စေလွှတ်မယ်ဆိုတဲ့ သတင်းအမှား

မြန်မာနိုင်ငံကို စစ်ကူတွေ စေလွှတ်ဖို့ အမေရိကန်သမ္မတ လက်မှတ်ထိုးလိုက်ပြီဆိုပြီး လူမှုမီဒီယာတွေပေါ် ရေးသား ဖြန့်ဝေနေတာတွေဟာ သတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 28 Dec 2022 6:05 PM IST

အမေရိကန်စစ်ကူတွေ မြန်မာနိုင်ငံကို စေလွှတ်မယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ MaSoe Soe ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့ နေ့လည်ပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ကြာချိန် ၄ မိနစ်နီးပါးရှိတဲ့ ဗွီဒီယိုဖိုင်နဲ့အတူ ကာဗာပုံပေါ်မှာ 'မြန်မာနိုင်ငံကို စစ်ကူတွေ စေလွှတ်ဖို့ အမေရိကန်သမ္မတ လက်မှတ်ထိုးလိုက်ပြီ။ ထိုင်းနိုင်ငံဘက်ကနေ ဝင်ဆော်မယ်။ အရင်ဆုံးအမေရိကန်စစ်သားတွေနဲ့ ငွေကို အရင်ထောက်ပံ့မှာ တရုတ်လဲဝင်ကူလို့မရဘူး' လို့ ရေးသားထားပါတယ်။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

အမေရိကန်ရဲ့ အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဆိုင်ရာအက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၃ ရက်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ထိုးအတည်ပြုလိုက်တာဖြစ်ပါတယ်။ NDAA ဥပဒေ ဟာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေတရပ်ဖြစ်ပြီး ဒီထဲမှာ မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ Burma Act ဆိုတဲ့ ဥပဒေတရပ် ပါဝင်လာပါတယ်။

Burma Act ထဲမှာ မြန်မာနိုင်ငံက အာဏာသိမ်းမှုဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေအတွက် ကူညီထောက်ပံ့ပေးမယ့် ကိစ္စတွေ ပါဝင်လာတယ်ဆိုပေမယ့် အခုဖြန့်ဝေနေသလို အမေရိကန်က စစ်သားတွေလာပြီး စစ်ကူတိုက်ပေးမယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။

မြန်မာနိုင်ငံအတွက် ၂၀၂၃ ခုနှစ်မှ ၂၀၂၇ ခုနှစ် အထိ ၅ နှစ်ကြာကာလအတွင်း အကူအညီများရရှိမယ့် ဒီဥပဒေ (Burma Act) ထဲမှာ မူဝါဒရေးရာ ဖော်ပြချက်၊ အရေးယူပိတ်ဆိုမှုများ ချမှတ်ခြင်း၊ ကူညီထောက်ပံ့မှုများ ပေးခြင်း၊ တရားမျှတမှုနှင့် တာဝန်ခံမှု ဖော်ဆောင်ခြင်းဆိုတဲ့ အဓိက ကဏ္ဍ ၄ ရပ် ပါဝင်ကြောင်း လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတခုဖြစ်တဲ့ Global Witness မှ မူဝါဒဆိုင်ရာ အတိုင်ပင်ခံ Keel Ditz က ပြောကြားထားပါတယ်။

အခုဖြန့်ဝေနေတာတွေဟာ အချက်အလက်အမှားတွေသာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးလိုက်တဲ့ NDAA နဲ့ ပက်သက်တဲ့ အသေးစိတ်အကြောင်းကို ဧရာဝတီသတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။ သတင်းအပြည့်အစုံကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။


Tags:

Related Stories