ဒီအကြောင်းအရာကို SUN bumese ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့ တာဖြစ်ပြီး သတင်းမှားဖြန့်ပြီး ဖော်လိုဝါရှာနေတဲ့ အခြားဖေစ့်ဘွတ်ပေချ့်တွေကလည်း ထပ်ဆင့်ဖြန့်ဝေနေကြပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG ကို လက်နက်ပေးဖို့ လုပ်ပြီ။ NUG ကို လက်နက်ပေးဖို့ အမေရိကန် ကြေငြာပြီ။ ဒီတိုင်းဆို စစ်ကောင်စီ ၁လ မခံတော့ဘူး။ ခွေးဖြစ်ပြီ' လို့ ရေးသား ထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
NUG ကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ Khit Thit Media မှာ နိုဝင်ဘာ ၂၁ ရက်နေ့က ဖော်ပြထားတဲ့ 'စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချရန် ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂတွင် အတည်ပြု' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည်ပြောဆိုထားတာပဲ ဖြစ်ပါတယ်။
ဒီသတင်းထဲမှာ မြန်မာစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေရာ မြန်မာပြည်သူတွေ ပါဝင်နိုင်တဲ့ အခြေအနေမရှိတဲ့အတွက် ကန့်ကွက်ရှုတ်ချရန်ဆိုသော အချက်အပါအဝင် မြန်မာ့အရေးအတွက် အဆိုမူကြမ်းတစ်ရပ်ကို ကုလသမဂ္ဂမှာ အတည်ပြု လိုက်တယ်ဆိုတဲ့ အကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ NUG ကို လက်နက်ထောက်ပံ့ဖို့ အမေရိကန် ကြေညာတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



