ဒီအကြောင်းအရာကို သတင်းအမှားတွေ ဆက်တိုက်ဖြန့်ဝေနေတဲ့ Yangon khit thit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဩဂုတ်လ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'NUG အစိုးရနဲ့ ပူးပေါင်းကုန်ပြီဟေ့။ တနိုင်ငံလုံးရှိ တပ်ရင်းပေါင်း (၉၉) ခု တပြိုင်တည်း လက်နက်ချ။ သေနတ်ပြောင်းဝလှည့်၊ နေပြည်တော် *ာတမ်း မီးလောင်ပြီ' လို့ ရေးသားထားတာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကောင်စီ တပ်ရင်း ၉၉ ရင်း NUG အစိုးရဆီမှာ လက်နက်ချတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက်အလက်စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ Khit Thit Media မှာ ဩဂုတ်လ ၂၄ ရက်နေ့က ဖြန့်ဝေထားတဲ့ 'မြင်းခြံနှင့် ဘုတလင်မြို့ပေါ်ရှိ ရဲစခန်း၊ထွေအုပ်ရုံး၊ EPC ရုံးတို့အပါအဝင် စစ်တပ် တပ်စွဲ နေရာများကို တော်လှန်ရေးတပ်များက တိုက်ခိုက်' ဆိုတဲ့ သတင်းကို နောက်ခံစကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ
မြင်းခြံမြို့ရှိ EPC ရုံးကို မြင်းခြံအားမာန်မြို့ပြပြောက်ကျားတပ်ဖွဲ့နှင့် Burmese Rebels Force – BRF (Myingyan) ပူးပေါင်းကာ မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်းနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်နိုင်ရေးအတွက် ဆောက်ပေးနေတဲ့ မြင်းခြံမြို့ရှိ ဌာနဆိုင်ရာ အသီးသီးက Non CDM ဝန်ထမ်းတွေကို သတိပေးခဲ့တဲ့အကြောင်း ရေးသားဖော်ပြထားတာပါ။
Khit Thit Media မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။




 
                               
                               
                               
                               
                              