ဒီအကြောင်းအရာကို MN cele ဆိုတဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့သူနဲ့ ပြန်လည်ဖြန့်ဝေမှု အများအပြား ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၂ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး နောက်ဆုံးအခြေအနေ ကြေညာပြီ' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
စစ်ကော်မရှင် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး နောက်ဆုံးအခြေအနေကို အသိပေးကြေညာတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုထဲမှာ စစ်ကော်မရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အကြောင်းကို အချက်အလက် တစ်စုံတရာမရှိပဲ ပြောဆိုထားတာတွေ့ရပါတယ်။
ဗီဒီယိုထဲမှာ သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေနဲ့ AI နဲ့ ပြုပြင်ထားတဲ့ ပုံတွေကို အသုံးပြုပြီး နောက်ခံစကားပြောနဲ့ စိတ်ထင်ရာ ပြောဆိုထားတာသာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး နောက်ဆုံးအခြေအနေနဲ့ ပက်သတ်ပြီး စစ်ကော်မရှင်ဘက်က ထုတ်ပြန်ကြေညာ ထားတာ မရှိသလို ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြမထားပါဘူး။
လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဘယ်နေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို အတိအကျ ထုတ်ဖော် ပြောဆိုထားတာမျိုး မရှိတဲ့အပြင် အခြားအပြင်လူ ဘယ်နဲ့မှ တွေ့ဆုံခွင့်လည်း ပေးမထားပါဘူး။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။



