ဒီအကြောင်းအရာကို Mandalay KhitThit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ စက်တင်ဘာ ၂၆ ရက်နေ့ ညပိုင်းမှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၉ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'နေပြည်တော် ကိုအမေရိကန် ကင်းလှည့်နေ။ အကုန် ပြေးခိုင်းနေပြီ။ အဆင့်မြင့် အမေရိကန် လေယာဉ်တွေ နေပြည်တော်ကို ကင်းထောက်။ အကြမ်းဖက်မှုနဲ့ ကြေညာအပြီး ဆက်တိုက် ကင်းထောက်' လို့ ရေးသားထားပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
အမေရိ စစ်လေယာဉ်တွေ နေပြည်တော်မှာ ကင်းလှည့်နေတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ အကြောင်းအရာဟာ နိုင်ငံရေး သုံးသပ်ဆောင်းပါးတွေ ရေးသားနေတဲ့ ဆောင်းပါးရှင် လှစိုးဝေရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ စက်တင်ဘာ ၂၆ ရက်နေ့က ဖြန့်ဝေထားတဲ့ 'အမေရိကန် ၏ မြန်မာ အပေါ် စိတ်ဝင်စားမှု မြင့်တက်လာ' ဆိုတဲ့ ဆောင်းပါးကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးထဲမှာ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ စစ်ခေါင်းဆောင်ရဲ့ လှုပ်ရှားမှုတွေကို သုံးသပ်ချက် ဆောင်းပါးရေးသားထားတာပါ။
ဒီဆောင်းပါးထဲမှာ အမေရိ စစ်လေယာဉ်တွေ နေပြည်တော်မှာ ကင်းလှည့်နေတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြားယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
ဆောင်းပါးရှင် လှစိုးဝေရဲ့ ဖေစ့်ဘွတ်ပေချ့်မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။