ဒီအကြောင်းအရာကို Khit Thit Television ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ ဇွန်လ ၂၉ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။
ဖြန့်ဝေရာမှာ ကြာချိန် ၈ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော (၈) စီးကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်။ စစ်သင်္ဘော (၃) စီး ထိမှန်ပေါက်ကွဲပြီး စစ်ခွေး (၇၀) သေဆုံး' လို့ ရေးသားထား တာပါ။
ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။
ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။
သတင်းဆန်းစစ်ချက်
ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော (၃) စီး ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပေါက်ခွဲတယ်ဆိုတဲ့ အကြောင်းအရာကို Boom Myanmar က အချက် အလက် စစ်ဆေး ကြည့်တဲ့အခါ လုပ်ကြံဖန်တီးထားတဲ့ သတင်းအတု ဖြစ်တာကို တွေ့ရပါတယ်။
ဖြန့်ဝေထားတဲ့ ဗီဒီယိုဖိုင်ဟာ People's Spring သတင်းဌာနမှာ ဇွန်လ ၂၈ ရက်နေ့က ဖော်ပြထားတဲ့ 'ပါရာမော်တာဖြင့် ဗုံးကြဲ ၍ ဆားလင်းကြီးမှ အရပ်သားလေးဦးသေဆုံး ။ စစ်ရေယာဉ်များ ဆားလင်ကြီးနယ်ထဲ ရောက်နေ' ဆိုတဲ့ သတင်းကို နောက်ခံ စကားပြောနဲ့ ပြန်လည် ပြောဆိုထားတဲ့ ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
သတင်းထဲမှာ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ ပါရာမော်တာနှစ်စီးက ဆားလင်းကြီးမြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်ရာ အရပ်သားလေးဦးသေဆုံးသွားကြောင်း၊ ဇွန်လ (၂၈)ရက်မနက်ပိုင်းက ဆင်ဖြူရှင်တံတားမှ စစ်သင်္ဘော (၃)စီး ၊ ဖလပ်ယာဉ် ၈ စီးဟာ ချင်းတွင်း မြစ်ကြောင်းအတိုင်း ဆန်တက်လာကြောင်း၊ စစ်သင်္ဘောပေါ်မှ မြစ်ကမ်းဘေး ဝဲ ယာက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး နမခ မှတက်လာတဲ့ ပါရာမော်တာ၂စီးနဲ့ ဗုံးသီးတွေ ချခဲ့တာဖြစ်ကြောင်း ရေးသားထားတာပါ။
ဒီသတင်းထဲမှာ ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘော (၃) စီး ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ပေါက်ခွဲတယ်ဆိုတဲ့ အကြောင်းအရာ မပါဝင်သလို အခြား ယုံကြည် စိတ်ချရတဲ့ သတင်းဌာနတွေမှာ ဖော်ပြထားတာလည်း မရှိပါဘူး။
People's Spring သတင်းဌာနမှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
သတင်းအမှားဖြန့်ထားတဲ့ Youtube ချန်နယ်နဲ့ ဖေစ့်ဘွတ်ပေချ့်တွေကို ဝင်ရောက်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတွေကို ဝင်ရောက်ကြည့်ရှုသူ များအောင် လုပ်ကြံရေးသားပြီး ကြည့်ရှုသူအရေအတွက်ကနေ ဝင်ငွေပြန်ရနိုင်တဲ့ Clickbaits သတင်းတွေ ဖြန့်နေတဲ့အဖွဲ့ဖြစ်တာကို တွေ့ရပါတယ်။